Wednesday, August 26, 2020

စစ်တွေမှလာသည့် မော်တော်ယာဉ်များကို ဧရာဝတီတိုင်းအတွင်း ဝင်ခွင့်မပြု

ဧရာဝတီတိုင်းအတွင်းကို ရခိုင်ပြည်နယ်၊ စစ်တွေကနေ လာရောက်တဲ့ မော်တော်ကားတွေကို ဖြတ်သန်းသွား လာခွင့် မရှိစေဖို့ ဒေသအာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးတားမြစ်နေပါတယ်။
ကြံခင်းမြို့နယ် ဘက်ရဲမြို့ အုတ်ပုံဂိတ်၊ ပုသိမ်မြို့နယ် ချောင်းဝချိုင်ဂိတ်နဲ့ ရေကြည်မြို့နယ် ရေနံ့သာဂိတ်တွေမှာ စစ်ဆေးတားမြစ်နေတာလို့ သိရပါတယ်။
စစ်ဆေးမှုတွေကို သြဂုတ် ၂၂ ရက်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ထောက်ခံစာ မူရင်း မိတ္တူ အထောက်အထား မပြည့်စုံပါက ဧရာဝတီတိုင်းအတွင်း ဝင်ခွင့်မပေးတော့ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
“ကားပေါ်ကဆင်းလို့ မရအောင်ကို ကျနော်တို့က စစ်မှာ ဒီလိုတင်းတင်းကျပ်ကျပ် လုပ်မှရမယ့် အခြေအနေလေ။ ရခိုင်ပြည်နယ်က လာမယ်ဆိုရင်တော့ မဖြစ်မနေ ၂၁ ရက် ကွာရန်တင်း ထားရမှာပဲ”လို့ ပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ အဆက်မပြတ်ပြုလုပ်နေပြီး သံသယတွေ တွေ့ရှိပါက သက်ဆိုင်ရာနေရာတွေမှာ ၂၁ ရက် Quarantine ဝင်ရမှာဖြစ်ပါတယ်။
ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က “ကျနော်တို့ စစ်တွေဘက်ကလာရင် ဝင်ခွင့်မပေးတော့ဘူး။ ဒီဘက်ကလည်း ရခိုင်ဘက် ထွက်ခွင့်မပေးတော့ဘူး။ စစ်တွေဘက်ကဆိုရင် တစ်ခါတည်းပြန်လွှတ်မယ်။ ကိုဗစ်-၁၉ ကင်းရှင်းတဲ့ အထောက်အထားပါမှပဲ ဝင်ခွင့်ပေးတော့မယ်။ ကိုယ့်တိုင်းအတွင်းကဆိုရင် စစ်ဆေးမှုပြုလုပ်ပြီး မသင်္ကာရင် Quarantine တန်းဝင်ခိုင်းမယ် နောက်မှ ဆိုင်တဲ့ဒေသက ပြန်လာခေါ်ပေါ့”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွေကို ဧပြီ၂၁ ရက်ကစတင်ကာ ကျန်းမာရေးစစ်ဆေးရေးဂိတ်အနေနဲ့ ဖွင့်လှစ်ခဲ့ပေမဲ့ ဇူလိုင်လကုန်မှာ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။
လက်ရှိ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းတပတ်ကျော် ကာလအတွင်း လူပေါင်း ၈၀ ကျော်လောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်တိုက် ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်ရတာဖြစ်ပါတယ်။
Ref ; Popolay

0 comments:

Post a Comment