Thursday, August 6, 2020

ငါတို့အားလုံးရဲ့မြေ သီချင်းဗီဒီယိုအပေါ် မတူတဲ့ အမြင်များ

ဒီရက်ပိုင်းအတွင်း အဆိုတော်သရုပ်ဆောင် ယုန်လေး ရိုက်ကူးပြသခဲ့တဲ့ ငါတို့အားလုံးရဲ့မြေ ဆိုတဲ့ သီချင်း ဗီဒီယိုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကို တိုက်ခိုက်မှု တခုအဖြစ် ဝေဖန်ခံနေရပါတယ်။
အဲဒီ ငါတို့အားလုံးရဲ့မြေ ဆိုတဲ့ သီချင်းဗီဒီယိုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်နက်ကိုင်တွေက လုပ်ကြံပစ်ခတ်တဲ့ အခန်းတခုလည်း ပါဝင်ပါတယ်။ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အဆိုတော် ချမ်းချမ်းက ဒီလို လုပ်ကြံတဲ့အခန်းမျိုးဟာ ရွေးကောက်ပွဲနီးတဲ့ အခုလိုကာလမှာ မထည့်သင့်ဘူး နိမိတ်လည်းမကောင်းဘူး။ သူတို့သရုပ်ဆောင်တွေအနေနဲ့ ဒီလိုပုံတွေထည့်မယ်ဆိုတဲ့ ဇာတ်ညွှန်းကို ကြိုသိခဲ့မယ်ဆိုရင် ရိုက်ကူးမှာ မဟုတ်ဖူးလို့ အကုန်သိသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မန္တလေးမြို့က NLD အဖွဲ့ဝင် ဒေါ်ဟယ်လင်အေးကျော် က အဲဒီဗီဒီယိုကို ကြည့်ပြီး ဒေါသထွက်မိတယ်လို့ ပြောပါတယ်။
“သူ့ရဲ့ရည်ရွယ်ချက်က NLD ပင်နီဝတ်တွေကို တမင်ချောက်ချတယ်လို့ထင်တယ် - အမေစုလုပ်ကြံတဲ့ပုံတွေလုပ်ဆိုတော့ တအားကို ဒေါသထွက်တယ်”
အဆိုတော်သရုပ်ဆောင် ယုန်လေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ သူဟာ ဒီဗီဒီယိုကို အဖွဲ့အစည်း တခုခုအတွက် ရိုက်ကူးတာမဟုတ်သလို ဘယ်သူ့ဆီကမှလည်း ငွေကြေးတစုံတရာ ရယူခဲ့ခြင်းမရှိပါဖူးလို့ ပြောဆိုထားပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တသီးပုဂ္ဂလ ပါဝင်ယှဉ်ပြိုင်မယ့် ဦးဌေးအောင်ကတော့ ယုန်လေးကို ထောက်ခံသူပါ။
“နိုင်ငံမှာစည်းလုံးညီညွတ်ရေးတွေ ကျနော်တို့တိုင်းပြည်မှာရှိနေတဲ့ ပါတီတွေအားလုံးကစုစည်းပြီးတော့ တိုင်းပြည်ရဲ့ ကောင်းကျိုးတွေကို ဆောင်ရွက်ရမယ်လို့ သူပေးတဲ့မက်ဆေ့ချ်တွေက တန်ဖိုးကြီးလှပါတယ်။ ဒါကိုဘယ်လိုအဓိပ္ပါယ်ကောက်ကြတယ် မသိပါဘူးဗျာ။ တက်သစ်စလူငယ် တယောက်ရဲ့ အနုပညာကို ရိုက်ချိုးလိုက်တယ်လို့ ကျနော်တော့ခံစားရတယ်။
ပြီးတော့သူလည်း ပြောထားတာပဲ။ အနီရယ်အစိမ်းရယ် မဟုတ်ရပါဘူးတဲ့။ ဒါကိုအကျအနကောက်ပြီးတော့ ဘယ်သူ့ကို ဘယ်ဟာ ဘယ်ရွေ့ ရုပ်လုံးဖော်ပြီးတော့ အပုပ်ချတာမလုပ်သင့်ဘူး။ခုကိစ္စမှာ ကျနော်ကတော့ အဆိုတော်ယုန်လေးကို ထောက်ခံပါတယ်”
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဉာဏ်အေးကတော့ ဒီဗီဒီယိုဟာ တမင်ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ကတော့ ပြတ်ပြတ်သားသားဘဲ ရှုတ်ချတယ်ဗျာ လူထုကိုအထင်သေးပြီးတော့ ကိုယ်လုပ်ချင်တာသလိုလုပ်မယ်ဆိုပြီး ရိုက်ပြီးတော့မှ မဆိုင်တာတွေဆွဲထည့် ဒါက တမင်သက်သက်ဖန်တီးတာဗျ။ လူထုကအရင်လူထုနဲ့မတူတော့ဘူး။ အခုကမ္ဘာကြီးကရွာဖြစ်နေပြီ- ရွာဖြစ်နေတဲ့အခါကျတော့ လူထုကလဲသိတယ်ဗျ။ဘယ်သူဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ။ သူ့ဟာသူ ရည်ရွယ်ချက်မရှိပါဘူး ဘယ်လောက်ပဲ ဆင်ခြေပေးပေး။ ဒီရုပ်ရှင်တခုကို အနုပညာတခုကိုဖန်တီးနေတဲ့ အရွယ်ရောက်နေတယ်။ ပြီးတော့ လုပ်သက်လဲအများကြီးရှိတယ်။ ထိုးထွင်းတီထွင်ကြံဆဉာဏ်ရှိနေတဲ့ လူတယောက်က ဟာ ဒါကို ကျနော်မသိလို့လုပ်ပါတယ်ဆိုတာ လုံးဝမယုံဘူး”
အဆိုတော်ချစ်ကောင်းကတော့ သူတို့အနုပညာသမားတွေအနေနဲ့ မိမိစိတ်ထဲရှိတာကို အကောင်အထည်ဖော်ရာမှာ ချင့်ချိန်ရတာတွေ ရှိတယ်လို့ ပြောပါတယ်။
“ဘာဘဲပြောပြော ကျနော်တို့က အဖြူသက်သက်လေ။ ကိုယ့်ဘာသာကိုယ်လဲ နားလည်ထားတာ - ကျနော့်ယုံကြည်ချက်က အဖြူလိုပဲ နေတာကောင်းတယ်လေ - ဘာလို့လဲဆိုတော့ အနုပညာသမားဆိုတာ ဘယ်ပါတီဘဲဖြစ်ဖြစ် ဘယ်အစိုးရပဲတက်တက် ကိုယ်တွေကရှိနေမှာပဲလေ။ အရောင်မပါတာအကောင်းဆုံး - အနုပညာသမားဆိုတာ ကိုယ်လုပ်ချင်တာတွေထထ လုပ်ပြလို့မှ မရတာ”
အဆိုတော်ယုန်လေးရဲ့ ငါတို့အားလုံးရဲ့မြေ သီချင်းဗီဒီယိုနဲ့ ပတ်သက်ပြီး လက်လှမ်းမီသမျှ တင်ပြခဲ့တာပါ။ ဒီ ဗီဒီယိုကို ယုန်လေးက ပြန်လည်ဖယ်ရှားခဲ့ပြီးပြီလို့ သိရပါတယ်။
Ref ; RFA

0 comments:

Post a Comment