Monday, August 17, 2020

အထက်တန်းကျောင်းတွေအားလုံး ပြန်ဖွင့်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနပြင်ဆင်

ကိုဗစ်ကပ်ရောဂါကြောင့် အခုအချိန်အထိ ပြန်မဖွင့်နိုင်သေးပဲ ကျန်နေသေးတဲ့ အထက် တန်းကျောင်းတွေကို ဒီသီတင်းပတ်ထဲ ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေတဲ့အကြောင်းသိရှိရသည်။
ကပ်ရောဂါကြောင့် ပုံမှန်ကျောင်းဖွင့်ရက်တွေထက် ၁ လလောက် နောက်ကျပြီးမှ အခြေခံပညာအထက်တန်း အဆင့်ကျောင်းတွေကို ပြန်ဖွင့်နိုင်ခဲ့သလို၊ မဖွင့်နိုင်သေးတဲ့ ကျောင်းပေါင်း ၂,၀၀၀ ကျော်လောက်လည်း ကျန် နေပါသေးတယ်။
ကျန်နေသေးတဲ့ ကျောင်းတွေကိုတော့ ကျန်းမာရေးအတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ-မရှိ စစ်ဆေးပြီး ဒီတစ်ပတ်အတွင်း ဖွင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
“ကျန်တဲ့ကျောင်းတွေကို ဒီတစ်ပတ်ထဲမှာ ဖွင့်ဖို့ ဆိုပြီးတော့မှ ဆရာတို့က ကိုဗစ် ဗဟိုကော်မတီကို တင်ပြထားပါတယ်။ ကိုဗစ်ဗဟိုကော်မတီကလည်းပဲ ဒီတစ်ပတ်ထဲမှာပဲ ခွင့်ပြုမလားတော့ မသိသေးဘူးပေါ့နော်။”
တစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေအားလုံး ပြန်ဖွင့်နိုင်ဖို့ ကြန့်ကြာနေရတဲ့ အကြောင်းရင်းကိုလည်း ဒေါက်တာတင်မောင်ဝင်းက အခုလိုပြောပါတယ်။
“အမှန်ကတော့ ဒီကျောင်းတွေကို အချက် ၈၀ ပါ Check Lists တွေနဲ့စစ်တာက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ စစ်တယ်။ စစ်ပြီးတော့ သူတို့အဲ့တာတွေကို သူတို့ရဲ့ကျန်းမာရေးဝန်ကြီးဌာ နကို ပို့တယ်။ သူတိုစစ်တဲ့ဟာကို ကျန်းမာရေးဝန်ကြီးဌာနကို တင်တဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနက အဲ့ဒါကို ပြန်ပြီးတော့ စစ်တယ်။ ဆိုတော့ အောက်က စစ်တာကိုမယုံလို့လားတော့မသိဘူး။ တကယ်တမ်းက ပြီးခဲ့တဲ့လ ၁၇ ရက်ကတည်းက ဒီနေ့ဆို တစ်လတောင်ပြည့်နေပါပြီ။ ပြီးခဲ့တဲ့လ စစစ်ကတည်းက အဲ့ဒီ ၂ ရက် ၃ ရက်အတွင်းမှာ ကျောင်းပေါင်း ၆,၀၀၀ လောက်က A ရတယ်။ ဒါပေမယ့်လို့ အဲ့လိုတွေနဲ့ အချိန်တွေကြာနေတာပေါ့နော်။ အောက်က ကျောင်းတွေက A ရတယ်ဆိုတာ သိပေမယ့်လို့ တရားဝင်ဖွင့်လှစ်ခွင့်မရသေးတဲ့အခါကျတော့ ကျောင်းသူ ကျောင်းသားတွေက ဒီလာမယ့် သောကြာနေ့ ၂၁ ရက်နေ့ဆိုလို့ရှိရင် သူများကျောင်းထက်စာရင် တစ်လတိတိနောက်ကျသွားတာပေါ့။ ဒါကြောင့်မို့ အဲ့လို မညီမျှမှုတွေ မဖြစ်အောင်ဆိုပြီးတော့ ဆရာတို့ကလည်း ပညာရေးဝန်ကြီးဌာနဘက်ကလည်း ကိုဗစ်ဗဟို ကော်မတီကို တင်ပြထားတာရှိပါတယ်။”
အထက်တန်းကျောင်း စုစုပေါင်း ၇,၁၇၀ ကျော်ရှိတဲ့ထဲက ကျောင်းပေါင်း ၇,၁၁၀ ကျော်ကို စစ်ဆေးထားပြီးဖြစ်ပါတယ်။ အဲ့ဒီထဲက ကျောင်းပေါင်း ၆,၉၀၀ ကျော်က ကျန်းမာရေးအဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းတွေဖြစ်ပေမယ့် လက်ရှိမှာ ၄,၆၀၀ ကျော်ကိုသာ ဖွင့်ခွင့်ပေးထားပြီးတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီပေးမဲ့ ဖွင့်ခွင့်မရသေးတဲ့ ကျောင်းက ၂,၅၀၀ နီးပါးကျန်နေပါသေးတယ်။ အဆင့်သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ကျောင်းက ၁၁၀ ကျော်ရှိပါတယ်။
အလယ်အတန်းအဆင့်ကျောင်းတွေကို အထက်တန်းကျောင်းတွေအားလုံး ပြန်ဖွင့်နိုင်ပြီး သုံးပတ်အကြာမှာမှ ပြန်ဖွင့်မှာဖြစ်ပြီး အထက်တန်းကျောင်း အရေအတွက်ထက်ပိုများတာကြောင့် ကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
“ဒီအထက်တန်းတောင် ဒီလောက်ကြာနေပြီဆိုရင် ဒီအထက်တန်း ၇,၀၀၀ ကျော်ကို ဒီနေ့ဆို တစ်လ ပြည့်ပြီ ခုချိန်ထိ အပြည့်အဝမဖွင့်နိုင်သေးဘူးဆိုတော့ ဒီထက်ပိုပြီး ၁၅,၀၀၀ လောက်ရှိတဲ့ အလယ် တန်းကျောင်းတွေကို ဘယ်လို သွားလုပ်မလဲ ၂၀,၀၀၀ ကျော်ကျော်လောက်ရှိတဲ့ မူလတန်းကျောင်း တွေကို ဘယ်လိုလုပ်မလဲ ဆိုတာကို အရမ်းစိတ်လဲပူတယ်။ တစ်ဘက်ကလည်း ရောဂါကို မလေးမစား မသိကျိုးကျွံ့ပြုတာ မဟုတ်ဘူး။ ဒါကိုလည်း ဆရာတို့ သဘောပေါက်တယ်။”
ပဋိပက္ခဒေသတွေမှာ ရှိနေတဲ့ ကျောင်းတွေနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာက ကျောင်းပေါင်း ၄၅ ကျောင်းလောက်ကိုတော့ ကျန်းမာရေးသတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိ-မရှိ မစစ်ဆေးရသေးဘူးလို့လည်း တာ ဝန်ရှိသူတွေက ပြောပါတယ်။ ကပ်ရောဂါကာလဖြစ်ပေမယ့် ကျောင်းသားတွေရဲ့ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးဖို့အတွက် အဘက်ဘက်က ကြိုးစားဆောင်ရွက်နေကြတာကြောင့် မိဘတွေအနေနဲ့လည်း ကပ်ရောဂါကို ကာကွယ်ပြီး ပညာသင်ယူခွင့်မဆုံးရှုံးအောင် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကို အခြေခံပညာဦးစီးဌာနက တိုက်တွန်းထားကြောင်း သိရှိရသည်။
Ref ; VOA

0 comments:

Post a Comment