Wednesday, August 26, 2020

မန္တလေးတွင် ရခိုင်မှပြန်လာသူ (၇၀)ကျော်ကို ကွာရန်တင်းထားရှိ

မန္တလေးတိုင်းမှာ ရခိုင်ပြည်နယ်ကပြန်လာသူ (၇၃)ယောက်ကို Facility Quarantine ထားရှိထားတယ်လို့ တိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။ အခုစာရင်းဟာ သြဂုတ်(၂၄)ရက်အထိသာဖြစ်ပြီး သြဂုတ်(၂၆)ရက်အထိစာရင်းကိုတော့ ဝန်ကြီး ဦးစိုင်းပန်းဆိုင် ဆီကိုဆက်သွယ် မေးမြန်းလို့မရသေးပါဘူး။
ဒီကနေ့ မနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်မှာ ရခိုင်ပြည် နယ်ကနေ ပြန်ရောက် လာသူ(၃)ယောက်ကိုတွေ့ရှိတဲ့အတွက် ဇီဝိတသံဃာ့ဆေးရုံမှာ Facility Quarantine ဝင်ဖို့ ပို့ဆောင်လိုက်တယ်လို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့ကသိရပါတယ်။
“ရခိုင်ကို သွားလည်ကြတာပေါ့။ ပြန်ရောက်လာတော့ အခုသတင်းရလို့သူတို့ကို သံဃာ့ဆေးရုံပို့လိုက်တယ်။ နေတဲ့အိမ်က မိသားစုဝင်ငါးဦးကို အိမ်မှာပဲ Home Quarantine လုပ်ထားတယ်။ အမှန်က ရခိုင်မှာ ပိုးမတွေ့ခင် က သူတို့ပြန်ရောက်နေတာလို့ သိရတယ်။ ဒါပေမယ့် ရပ်ကွက်ကလည်း အကြောင်းကြားလာတော့ အခုသတင်းရလို့ သံဃာ့ဆေးရုံပို့ထားပါတယ်”လို့ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြောပါတယ်။
သြဂုတ်(၂၄)ရက်အထိ ဇီဝိတသံဃာ့ဆေးရုံမှာ ကွာရန်တင်းထားရှိသူ (၃၈)ယောက်ရှိပြီး ပိုးမတွေ့အဖြေထွက်ရှိသူ (၂၉)ယောက်၊ အဖြေစောင့်ဆဲ (၃)ယောက်၊ ပိုးရှိမရှိ မစစ်ဆေးရသေးတာ (၆)ယောက်ရှိတယ်လို့ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်မှာ COVID-19 ပိုးတွေ့လူနာတွေ မြင့်တက်လာပြီးနောက် မန္တလေးကနေ ရခိုင်ပြည်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေလည်း သြဂုတ်(၂၁)ရက်ကစပြီး ရပ်နားထားလိုက်ပြီ ဖြစ်ပါတယ်။ တိုင်းအစိုးရအဖွဲ့ကလည်း အခုရက်ပိုင်း ရခိုင်ကပြန်လာသူမှန်သမျှကို စောင့်ကြည့်ပြီး အသွားအလာ ကန့်သတ် စောင့်ကြည့်ဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment