Wednesday, August 5, 2020

နိုင်ငံရေးပါတီများ၏ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယို၌ ဟောပြောခွင့်ကော်မရှင်၏ တားမြစ်ချက် ၉ ချက်လိုက်နာရမည်

၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ မူဝါဒသဘောထားများနှင့် လုပ်ငန်းစဉ်များကို နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယို၌ ဟောပြောခွင့်ကို စက်တင်ဘာ ၈ ရက်မှစတင်ကာ ဟောပြောခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ဟောပြောခွင့်ပြုရာတွင် တားမြစ်ချက် ၉ ချက်ကို လိုက်နာရမည်ဖြစ်ပြီး ဟောပြောမည့်ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ၏စာမူကို ဩဂုတ်လ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကြိုတင် တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
တားမြစ်ချက် ၉ ချက်မှာ
(၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှု ပြုလုပ်ခြင်း၊
(၂) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှု ပြုလုပ်ခြင်း၊
(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိသော ဟောပြောမှုပြုလုပ်ခြင်း၊
(၄) နိုင်ငံတော်အား အကြည်ညို ပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောမှု ပြုလုပ်ခြင်း၊
(၅) တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှုပြုလုပ်ခြင်း၊
(၆) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်း၊
(၇) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမှုပြုသော ဟောပြောမှုပြုလုပ်ခြင်း၊
(၈) ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောမှု ပြုလုပ်ခြင်း၊
(၉) နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့၏ တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော် ဟောပြောမှု ပြုလုပ်ခြင်း စသည်တို့ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဟောပြောတင်ပြမည့် စာမူကိုစီစစ်ပြီး နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောခွင့်ပြုရန် လျောက်ထားသည့် နိုင်ငံရေးပါတီများကို အလှည့်ကျဟောပြောခွင့်ပြုမည်ဖြစ်ပြီး ဟောပြောချိန် ၁၅ မိနစ်သတ်မှတ်ထားသည်။
Ref ; The Standard Time Daily

0 comments:

Post a Comment