Wednesday, August 19, 2020

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၂၄ နာရီအ တွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
“မိုးရမှာက ဖြစ်တဲ့နေရာနဲ့ ကပ်နေတဲ့ ရခိုင်မြောက်ပိုင်း။ ပြီးတော့ မုတ်သုံကောင်းရင် ရခိုင်ကမ်းရိုးတန်း တစ်ခုလုံး။ ပိုရနိုင်တာကတော့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ ချင်းပြည်နယ် အစပ်တွေ မိုးပိုရနိုင်တယ်။ အဲဒီနေ ရာတွေက အခြားနေရာတွေထက်ပိုပြီး မိုးများမယ်။ မုန်တိုင်းဖြစ်ရင် ဒီကာလရဲ့ထုံးစံ အနောက်ဘက်ပဲ ရွေ့မှာ။ အိန္ဒိယကမ်းခြေဘက်ဝင်မယ့် အခြေအနေရှိတယ်။ သူ့ကြောင့် မုတ်သုံအားကောင်းလို့ လှိုင်းလေ နည်းနည်းရှိမယ်။ မိုးသက်လေပြင်း ကျတာတွေ ဖြစ်နိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားခဲ့သည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သြဂုတ် ၁၉ ရက် နေ့စဉ် မိုးလေဝသ အခြေအနေ ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် နေရာကွက် မိုးကြီးခဲ့ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များ အနေဖြင့် မောင်တောမြို့တွင် ၁၀ ဒသမ ၇၉ လက်မ၊ ကျောက်တော်မြို့တွင် ၆ ဒသမ ၉၃ လက်မ၊ ပင်လည်ဘူးမြို့တွင် ၅ ဒသမ ၁၆ လက်မ၊ ကသာမြို့တွင် ၅ ဒသမ ၀၄ လက်မ၊ မြစ်ကြီးနားမြို့တွင် ၄ ဒသမ ၁၀ လက်မ၊ တောင်ကုတ်မြို့တွင် ၄ ဒသမ ၀၂ လက် မ၊ မိုးကောင်းမြို့တွင် ၃ ဒသမ ၉၀ လက်မ၊ ရွှေ ကူမြို့တွင် ၃ ဒသမ ၅၀ လက်မ၊ သံတွဲမြို့တွင် ၃ ဒသမ ၁၅ လက်မ၊ လားရှိုးမြို့တွင် ၃ ဒသမ ၀၇ လက်မ၊ ဂွမြို့တွင် ၂ ဒသမ ၉၉ လက်မ၊ သီပေါမြို့တွင် ၂ ဒသမ ၇၉ လက်မ၊ မိုးကုတ် မြို့တွင် ၂ ဒသမ ၆၇ လက်မ၊ စစ်တွေမြို့တွင် ၂ ဒသမ ၅၆ လက်မ၊ သာယာဝတီမြို့တွင် ၂ ဒသမ ၄၄ လက်မနှင့် ထီးလင်းမြို့တွင် ၂ ဒသမ၂၆ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဆက်လက် တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာကာ အနောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအားနည်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေကြောင်း မိုးဇလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သြဂုတ် ၂၀ ရက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
နောက်နှစ်ရက်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
Ref ; Eleven

0 comments:

Post a Comment