Saturday, August 8, 2020

မီဒီယာတချို့ အကြမ်းဖက်အဖွဲ့နှင့်လူများကိုသိလျက်နှင့် လူမျိုးရေးကိစ္စပုံစံ ပုံဖော်မှိုင်းတိုက်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော၊ အကြမ်းဖက်အဖွဲ့၏ အရင်းအမြစ်နှင့်အထောက်အပံ့များ ဖြတ်တောက်ပစ်ရန်လိုဟုဆို

မီဒီယာတချို့သည် အကြမ်းဖက်မှု ကျူးလွန်နေသော အဖွဲ့၊ လူများကို သိလျက်နှင့်ပင် လူမျိုးရေးကိစ္စပုံဖော်ပြီး မှိုင်းတိုက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပြီး အကြမ်းဖက်အဖွဲ့များ၏ အရင်းအမြစ်နှင့် အထောက်အပံ့များကို ဖြတ်တောက်ပစ်ခြင်းဖြင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းခန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
Politic မဂ္ဂဇင်းက "ယခုနှစ် မတ်လအတွင်းက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အစိုးရက ကြေညာထားတဲ့ ARSA နဲ့ AA အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေဟာ မကြာသေးမီ နှစ်ပိုင်း တွေမှာ နိုင်ငံရဲ့အနောက်ပိုင်းမှာ ပိုမိုများ ပြားပြင်းထန်လာပါတယ်။ ၎င်းတို့ကို တိုက်ဖျက်ဖို့အတွက် တပ်မတော်မှာ အဓိကတာဝန်ရှိလာပါတယ်။ အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်နိုင်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ"ဟု မေးမြန်းစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းဖြေဆိုလိုက်ခြင်းဖြစ်သည်။
"အကြမ်းဖက်ဝါဒဆိုတာ မကောင်းဘူးဆိုတာ ပြည်သူတွေက နှစ်နှစ်ကာကာ သိလာဖို့ လိုပါတယ်။အချို့မီဒီယာတွေကလည်း ဒီအကြမ်းဖက်မှုကျူးလွန် နေတဲ့အဖွဲ့တွေ၊ လူတွေ၊ အားပေးနေတဲ့ လူတွေကိုသိလျက်နဲ့ လူမျိုးရေးကိစ္စ လိုလိုပုံဖော်ပြီး မှိုင်းတိုက်နေတာတွေရှိပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် သူတို့ရဲ့အရင်းအမြစ်၊ အထောက်အပံ့တွေကို ဖြတ်တောက်ပစ်ဖို့လိုပါတယ်။သူတို့မှာအကြမ်းဖက်မှုလုပ်ဖို့အကြမ်း ဖက်လိုတဲ့စိတ် ဘယ်လိုပဲ ရှိရှိ လက်နက်မရှိရင် လုပ်လို့မရပါဘူး။ လက်နက်ဘယ်လိုပဲရှိရှိ ခဲယမ်းမရှိရင် လုပ်လို့မရပါဘူး။ ဒီလက်နက်၊ ခဲယမ်းတွေ၊ ပစ္စည်းတွေ ဘယ်လိုရနေသလဲ။ ဒါတွေဝယ်ဖို့ ငွေဘယ်ကရနေသလဲ။ ဒါတွေကို ဘယ်လိုနည်းနဲ့ ရယူနေသလဲ။ ဒါကအဖြေပါပဲ။ သူတို့အနေနဲ့ ငွေကို ပြည်သူလူထုထံက အတင်း အဓမ္မဆက်ကြေးကောက်ခံပြီးစုနေတယ်။ ပြီးရင် အဓိကမူးယစ်ဆေးဝါးလုပ်ငန်းတွေကရနေတယ်။ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်၊ ရောင်းချတဲ့လုပ်ငန်း တွေကရနေတယ်။ ဒါ့အပြင် သဘာဝသယံဇတတွေကို ခိုးထုတ်ရောင်းချခြင်းက ရနေတယ်" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့များကို တိုက်ဖျက်ရာတွင် နောက်ကွယ်မှ အကြောင်းတရားများကို မြင်အောင်ကြည့်တတ်ရန် လိုအပ်သည်ဟု ပြောဆိုသည်။
"၂၀၁၉ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာပဲ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး မြန်မာကျပ်ငွေ ၈၇၂ ဒသမ ၂၁၆ ဘီလီယံ ကျော်ဖိုး၊ အမေရိကန်ဒေါ်လာ ၆၃၆သန်းကျော်ဖိုးကို ဖမ်းဆီးဖော်ထုတ် ဖျက်ဆီးနိုင်ခဲ့တယ်။ ဒီမှာထပ်ပြီးပြောချင်တာကဒီမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား (မက်သာဖက်တမင်း Methamphetamine) တို့ (ICE) တို့ကို ထုတ်လုပ်တဲ့ဓာတုပစ္စည်းပရီကာဆာတွေနဲ့ချက်လုပ်တဲ့ပစ္စည်းတွေက မြန်မာနိုင်ငံမှာမထွက်ပါဘူး။ တခြားနိုင်ငံကနေတင်သွင်းရတယ်။ သူတို့ဘယ်လို တင်သွင်းနေသလဲ၊ ဘယ်လိုရယူနေသလဲ။ ဒီလမ်းကြောင်းတွေ ဖြတ်တောက်ပစ်ဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ ကျွန်တော်ပြောရတာ ဖြစ်တယ်။ ဒါ့ကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးမှာ ဒီအဖွဲ့တစ်ခုကိုပဲ ကြည့်လို့မရဘူး။ နောက်ကွယ်က ပံ့ပိုးနေတဲ့အကြောင်းတရားတွေ၊ အဖွဲ့အစည်းတွေကိုလည်း မြင်အောင်ကြည့်ရမယ်။ ဒါတွေကို နိုင်ငံအားလုံးပူးပေါင်း ဆောင်ရွက် တိုက်ဖျက်ဖို့ လိုပါတယ်" ဟု ၎င်းက ပြောဆိုသွားသည်။
အစိုးရနှင့်တပ်မတော်က က AA နှင့် ARSA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာထားပြီး လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
Ref ; Khit Thit Media

0 comments:

Post a Comment