Sunday, August 16, 2020

အမေရိကန်နှင့် ပိုလန် အဆင့်မြင့်ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုဟာ ပိုလန်သမ္မတ အန်းဒရစ်ဒူဒါနဲ့ ပိုလန်မြို့တော်ဝါဆောမှာ သြဂုတ်လ ၁၅ ရက်က တွေ့ဆုံပြီး အဆင့်မြှင့်ထားတဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်(EDCA)ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမေရိကန်နဲ့ ပိုလန်တို့အကြား ကာကွယ်ရေးသဘောတူ စာချုပ်ချုပ်ဖို့ သြဂုတ် ၁၅ ရက်မှာပဲ မိုက်ပွန်ပေယိုဟာ ပိုလန်နိုင်ငံ ဝါဆောမြို့ကို ရောက်ရှိလာတာပါ။
အရင်လကတည်းက သဘောတူထားခဲ့တဲ့ ကာကွယ်ရေးစာချုပ်ထဲမှာ ပိုလန်နိုင်ငံအတွင်း အမေရိကန်စစ်သည် အရေအတွက် ၅၅၀၀ ထက်မနည်း တိုးလာတာကို မြင်ရမှာ ဖြစ်ပြီး ပိုလန်အစိုးရဟာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၃၄ ဒသမ ၇၉ သန်း ပိုကုန်ကျလိမ့်မယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
ကင်းထောက်နဲ့ ကွပ်ကဲမှုနယ်ပယ်တွေမှာ ပိုလန်တပ်တွေရဲ့ ကျွမ်းကျင်မှု ပိုတိုးစေဖို့အပြင် ခြိမ်းခြောက်မှု တိုးလာခဲ့ရင် ပိုလန်ကို အမေရိကန်တပ်တွေ ပိုလွှတ်မယ့် ဖြစ်နိုင်ချေလည်း သဘောတူညီချက်ထဲမှာ ပါပါတယ်။
တကယ်လို့ လိုအပ်လာခဲ့ရင် ပိုလန်ဟာ အမေရိကန်စစ်သည် အင်အား ၂၀၀၀၀ ကို အမြန် တိုးချဲ့တာဝန်ချနိုင်လိမ့်မယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးကို ကိုးကားပြီး ပိုလန်အစိုးရ သတင်းဌာန PAP က ပြောပါတယ်။
ပွန်ပေယိုဟာ ပိုလန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ၊ ကာကွယ်ရေး ၊ကိုဗစ်-၁၉ ကပ်ရောဂါ ၊ 5G ကွန်ရက် ရရှိရေး၊ ပင်လယ် သုံးခုအစီအစဉ်ကနေတဆင့် ဒေသတွင်း စွမ်းအင်နဲ့ အခြေခံအဆောက်အဦ အရည်အသွေး တိုးတက်ရေး အကြောင်းအရာတွေကိုဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ပွန်ပေအိုဟာ ချက်သမ္မတနိုင်ငံ၊ သြစတြီးယားနဲ့ စလိုဗေးနီးယားနိုင်ငံတွေကို သွားရောက်အပြီး ပိုလန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့တာပါ။ သူ့ခရီးစဉ်ထဲမှာ ဆိုင်ဘာနဲ့ စွမ်းအင်လုံခြုံရေးကို အဓိက အာရုံစိုက်ထားခဲ့ပါတယ်။
Crd : DVB

0 comments:

Post a Comment