Sunday, August 16, 2020

၂၀၂၀ရွေးကောက်ပွဲအတွက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် ရွေးကောက်ပွဲဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာ စာရင်းပေးသွင်းထားခြင်းမရှိ

ပြည်ထောင်စုနာယက တာဝန်များရယူထားသူ ဦးတီခွန်မြတ်သည် ၂၀၂၀ ရွေးကောက်ပွဲယှဉ်ပြိုင်ရန် အတွက် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကွတ်ခိုင်မဲဆန္ဒနယ်၌ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားခြင်းမရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောသည်။
‘‘ဦးတီခွန်မြတ်က လက်ရှိ ကိုယ်စားလှယ်လောင်း တင်သွင်းတဲ့အထဲမှာတော့ မတက်လာပါဘူး။ တစ်သီးပုဂ္ဂလနဲ့ တက်လာမလားဆိုပြီး မျှော်နေသေးတယ်/ ကိုယ်စားလှယ်လောင်း စာရင်း ပိတ်တဲ့နေ့အထိကို သူက ပုံစံ(၆) တင်သွင်းလာတာမရှိဘူး။ ကျွန် တော်တို့ ရှမ်းမြောက်မှာတော့ လုံးဝဝင်ရောက်ခြင်းမရှိပါဘူး’’ ဟု၎င်းက ပြောသည်။
အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၇ ရက်အထိ ၁၉ ရက်ကြာကာလအတွင်း တင်သွင်းရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ‌ကြေညာထားသည်။ လက်ရှိတွင် ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများ ကို စိစစ်နေပြီး သြဂုတ် ၁၇ ရက်တွင် စိစစ်မှုများ အဆုံးသတ်မည် ဖြစ်သည်။
ဦးတီခွန်မြတ်သည် ရှမ်းပြည် နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို ယင်းမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ သို့ဖြစ်ရာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် ဦးတီခွန်မြတ်ပါဝင်ယှဉ်ပြိုင် ဖွယ်မရှိတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ် သည်။
‘‘ကျွန်တော်လည်း သူ့နာမည်စာရင်းမတွေ့မိဘူး၊ မဝင်တော့ဘူးထင်တယ်’’ဟု လာမည့် အထွေ ထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စိစစ်မှုခံယူရန် ရှမ်းပြည်နယ်သို့ ပြန်လည်ရောက် ရှိနေသူ မိုင်းရယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း သီဟကျော်က ပြောသည်။
ဦးတီခွန်မြတ်သည် ၂၀၁၀နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို ပြည်ခိုင်ဖြိုးပါတီ ဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ဒီချုပ်အမတ်များ လွှမ်းမိုးသည့် လက်ရှိလွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်မယူမီ ၂၀၁၇ အတွင်း ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်ကာ တစ်သီးပုဂ္ဂလအ ဖြစ် ရပ်တည်ခဲ့သည်။
‘‘သူက ပါတီနောက်ခံကလည်း မရှိတော့ဘူး။ ပါတီအသစ်လည်းမထောင်ဘူး။ တစ်သီး ပုဂ္ဂလအနေနဲ့ ဝင်မယ်ဆိုရင်လည်း ဝင်လို့တော့ရတာပေါ့။ ဒါပေမဲ့ ကိုယ်စားလှယ်ဖြစ်လာရင် လည်း သာမန်လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်ရင်ဖြစ်နေမှာလေ။ အဲဒီလိုသုံးသပ်ပြီးတော့ မဝင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဒါကတော့ မသိနိုင်ဘူး’’ဟု ဦးစိုင်းသီဟကျော်က သုံးသပ် သည်။
ဦးတီခွန်မြတ်သည် ယခုနှစ်အတွင်း အသစ်တည်ထောင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ကချင်အမျိုးသားပါတီတွင်ပါဝင်ဖွယ်ရှိကြောင်း ပါတီတည်ထောင်သူများက အစောပိုင်းတွင်ပြောသော်လည်း ယင်းပါတီသို့လည်း လက်ရှိအချိန်အထိ ဝင်ရောက်ထားခြင်းမရှိပေ။
Crd : 7Days

0 comments:

Post a Comment