Wednesday, August 19, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မြစ်ကြီးနားမြို့၊ကောလင်းမြို့၊ပြင်ဦးလွင်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


သြဂုတ်လ ၁၈ ရက်နေ့ ၁၆၃၀ အချိန်တွင် မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသော ---- ယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ဗန်းမော် မြို့နယ်၊ (၂)မိုင်ရပ်ကွက်နေ ခရီးသည် မခေါင်န်ထွဲ ၂၃ နှစ်၏ခရီးဆောင်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၁၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၈၃ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပလနနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
သြဂုတ်လ ၁၈ ရက်နေ့ ၁၀၀၀ အချိန်တွင် ကောလင်းမြို့နယ်၊ ခန်သာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကောလင်းမြို့နယ်၊ ထီးချိုင့်-ကျောက်တန်း သွားကားလမ်းတွင် ထီးချိုင့်ဘက်မှ ကျောက်တန်းကျေးရွာဘက်သို့ ကောလင်းမြို့နယ်၊ သစ်စိမ့်ကုန်းကျေးရွာနေ ဝင်းဌေး ၅၀ နှစ် စီးနင်း မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၉၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကောလင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၈ ရက်နေ့ ၂၀၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေးသွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် နောင်ချိုဘက်မှ ပြင်ဦးလွင်ဘက်သို့ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက် ကျေးရွာနေ ကျော်ဆန်းဦး ၃၆ နှစ် စီးနင်းမောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသောကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၃၈၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment