Wednesday, August 19, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မျက်စိမမှိတ်ခင် မြန်မာနိုင်ငံငြိမ်းချမ်းရေးရတာ မြင်သွားချင်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် မျက်စိမမှိတ်ခင်အချိန်အတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရတာ မြင်သွားချင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့အားလုံး မျက်စိမမှိတ်ခင်အချိန်တွေမှာ ကျွန်မတို့နိုင်ငံငြိမ်းချမ်းရေးရတာကို မြင်သွားချင်ပါတယ်။ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ ကျွန်မတို့ပြည်သူတွေ ငြိမ်းချမ်းရေးအတွက် ဝန်းရံပေးကြပါ။ ငြိမ်းချမ်း ရေးအတွက် တွန်းအားပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောသည်။
ထိုကဲ့သို့ပြောကြားရာတွင် လမ်းကြောင်းတစ်ခုပေါ်ကို ခြေတစ်လှမ်းလှမ်းမယ်ကြံလျှင် ကျွန်မတို့ချစ်တဲ့ ပြည် ထောင်စုကြီးနဲ့ ဒီပြည်ထောင်စုကြီးမှာ ဆက်လက်ရှင်ကြမယ့် ကျွန်မတို့ရဲ့ မျိုးဆက်သစ်တိုင်းရင်းသား လူငယ်တွေရဲ့ မျက်နှာတွေကို ပြန်လည်မြင်ယောင်ကြဖို့ ကျွန်မအနေနဲ့ သတိပေးပြောကြားလိုကြောင်းလည်း ၎င်းမှဆက်လက်ပြောသည်။
ဆက်လက်ပြီး ၎င်းအနေနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆိုသည့် ပြည်ထောင်စု၏ပန်းတိုင်ကို အမြန် ဆုံးရောက်ရှိနိုင်ရန် မိမိတို့အစုအဖွဲ့၏ အင်အားနှင့် ပြည်သူတွေ၏ တွန်းအားနှစ်ခုနှင့် “စုပေါင်းအင်အား” အကောင်းဆုံးအချိန်မှာ မိမိတို့လိုလားတောင့်တနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး မုချရမည်ဖြစ်ကြောင်း မိမိ အနေနှင့် အခိုင်အမာယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်း ပြောကြားခဲ့သည်။
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလွန် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ အဆင်သင့်လျှောက်လှမ်းရ မည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းသစ်ဖောက်ပေးခဲ့ပြီ ဖြစ်ကြောင်းလည်း ၎င်းမှ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါသည်။

0 comments:

Post a Comment