Monday, August 24, 2020

ဂျာမနီတွင် ဆေးကုသမှုခံနေသော ရုရှားအတိုက်အခံခေါင်းဆောင်တွင် အဆိပ်မိထားတဲ့လက္ခဏာတွေ့ရှိ

ဂျာမနီကို လေယာဉ်နဲ့ ပို့ဆောင်ကာ အပြင်းအထန် မကျန်းမာမှုကြောင့် ဆေးကုသနေရသော ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို စစ်ဆေးမှုမှာ အဆိပ်မိထားတဲ့ လက္ခဏာတွေ့ရကြောင်း ကုသပေးနေတဲ့ ဆေးရုံက သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Navalny ကို အထူူးကြပ်မတ် ကုသဆောင်မှာ ကုသပေးနေဆဲ ဖြစ်ပြီး သတိမရသေးကြောင်း၊ ကျန်းမာရေး ဆိုးရွားပေမယ့်လည်း လက်ရှိ အခြေအနေမှာတော့ အသက်အန္တရာယ် အကြီးအကျယ် စိုးရိမ်စရာ မရှိကြောင်း ဆေးရုံ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး စည်းရုံးလှုပ်ရှားသူနဲ့ ရုရှားသမ္မတ Vladimir Putin ကို ဝေဖန်သူ Navalny က သြဂုတ်လ ၂၀ ရက်နေ့မှာ Tomsk မြို့ကနေ မော်စကိုမြို့တော်ကို သွားတဲ့ လေယာဉ်ခရီးစဉ်အတွင်း နာမကျန်းဖြစ်ခဲ့တာပါ။
လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့တဲ့ Omsk မြို့မှာ ရုရှားအတိုက်အခံ ခေါင်းဆောင် သတိလစ်သွားတာ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုမှာ cholinesterase inhibitors ဓာတု ပစ္စည်းကနေ အဆိပ်သင့်တဲ့ လက္ခဏာမျိုး တွေ့ရတယ်လို့ Charite ဆေးရုံထုတ်ပြန်ချက်က ဖော်ပြပါတယ်။ cholinesterase inhibitors ဓာတု ပစ္စည်းတွေကို ဆေးဝါးအတော်များများမှာ သုံးသလိုဘဲ ပိုးသတ်ဆေးနဲ့ အဆိပ်တွေမှာလည်း သုံးကြပါတယ်။
Tomsk မြို့ လေဆိပ်မှာ လက်ဖက်ရည်ဝယ်သောက်တာမှာ အဆိပ်မိတာ ဖြစ်နိုင်တယ်လို့ Navalny ကို ထောက်ခံသူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ စမ်းသပ် စစ်ဆေးမှုတွေ ပိုပြီးလုပ်ဆောင်နေပြီး အဆိပ်မိတယ်လို့ သံသယရှိတာကြောင့် Navalny ကို လိုအပ်တဲ့ ကာကွယ်မှုပေးထားကြောင်း ဂျာမနီဝန်ကြီးချုပ် Angela Merkel ရဲ့ ပြောခွင့်ရကလည်း ပြောဆိုထားပါတယ်။

0 comments:

Post a Comment