Monday, August 17, 2020

ဆိုမာလီယာနိုင်ငံ ဟိုတယ်တိုက်ခိုက်မှုတွင် အရပ်သား ၁၀ ဦးအပါအဝင် ၁၆ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တော်ရှိ ကမ်းခြေဟိုတယ်တစ်လုံး၌ ယမန်နေ့က အယ်လ်ရှာဘတ်အဖွဲ့မှ တိုက်ခိုက်ရေးသမားများ၏ တိုက်ခိုက်မှုတစ်ခုအတွင်း အရပ်သားဆယ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တိုက်ခိုက်ရေးသမားငါးဦးက ယမန်နေ့ညနေပိုင်းတွင် မိုဂါဒစ်ရှူးမြို့တော် လီဒိုကမ်းခြေရှိ ဇိမ်ခံဟိုတယ် တစ်လုံးအား စီးနင်းတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းဟိုတယ်အား ပြန်လည်ထိန်းချုပ်နိုင်ရန် လေးနာရီ ကြာမြင့်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်မူခ်တာအိုမာက ပြောသည်။
“အရပ်သားဆယ်ဦး၊ စစ်သွေးကြွငါးဦးအပြင် ဆိုမာလီယာ အထူးရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်”ဟု အိုမာက ပြောသည်။ ဆိုမာလီယာ လုံခြုံရေးတပ်ဖွဲ့က ဟိုတယ်အား စီးနင်းတိုက်ခိုက်မှုနှင့် တိုက်ခိုက်ရေးသမားများကို မည်ကဲ့သို့ သုတ်သင်ခဲ့သည်မှာ မရှင်းလင်းပေ။
ကားဗုံးပေါက်ကွဲမှုအတွင်း တိုက်ခိုက်ရေးသမားတစ်ဦး သေဆုံးပြီး ပစ်ခတ်မှုတစ်ခုအတွင်း နှစ်ဦး သေဆုံး ခဲ့ကြောင်း အစောပိုင်းတွင် အမည်မဖော်လိုသည့် လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
လူ ၂၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ လူနာတင်ယာဉ်လုပ်သားများက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု အယ်လ်ရှာဘတ်အဖွဲ့က ပြောကြားခဲ့သည်ဟု ထုတ်ပြန် ချက်တစ်ခုအရ သိရသည်။
အယ်လ်ရှာဘတ်အဖွဲ့သည် တစ်ချိန်က ဆိုမာလီယာနိုင်ငံရှိ ဒေသအများစုနှင့် မိုဂါဒစ်ရှူးမြို့တော်တို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ယင်းအဖွဲ့မှာ မိုဂါဒစ်ရှူးမြို့တော်ပြင်ပ မောင်းထုတ်ခံခဲ့ရပြီးနောက် စစ်သွေးကြွများက ပုံမှန်တိုက်ခိုက်မှုများ ပြုလုပ်ကာ အစိုးရအား ဆက်လက်ဆန့်ကျင်လျက်ရှိသည်။
Ref ; EPN

0 comments:

Post a Comment