Wednesday, August 26, 2020

ထိုင်အစိုးရအနေဖြင့် တရုတ်နိုင်ငံမှရေငုပ်သင်္ဘော ၂ စီးအား ဝယ်ယူရန် ဘတ် ၂၂.၅ ဘီလီယံသုံးစွဲမည်ဖြစ်ခြင်း

ထိုင်းအစိုးရအနေဖြင့် တရုတ်နိုင်ငံမှ ကာလတန်ကြေးဘတ် ၂၂.၅ ဘီလီယံဖြင့် ရေငုပ်သင်္ဘောနှစ်စင်းထပ်မံဝယ်ယူရန် စီမံခဲ့ပါသည်။အဆိုပါအတည်ပြုချက်ကြောင့်Covid-19ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှု၏ဆိုးကျိုး ဖြစ်သည့် နိုင်ငံ၏စီးပွားရေးကျဆင်း မှုကို မျက်ဝါးထင်ထင် တွေ့မြင်နေရသော ထိုင်းနိုင်ငံသားများအား စိတ်ပျက်စေခဲ့သည်။ သို့သော်လည်း ထိုင်းအစိုးရအနေဖြင့် ၎င်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ထိုင်းရေတပ်အနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းငွေကြေး ဘတ် ၃၆ ဘီလီယံတန်ကြေးရှိ ရေငုပ် သင်္ဘော ၃ စီး ဝယ်ယူရေးစီမံကိန်းကို အသက်သွင်းရန် ၁၁ နှစ်တာ ကာလအတွင်းအသုံးပြုမည့် နိုင်ငံ၏စစ်ရေးအသုံးစရိတ်မှ ထည့်သွင်းစဉ်းစားဖို့ ထိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့သည်။ လက်ရှိအချိန်တွင် ဒေသဆိုင်ရာမီဒီယာများ၏ ဖော်ပြချက်အရ Type S 26 T အတန်းအစားရေငုပ်သင်္ဘော ပထမဆုံးအစီးအား ဘတ် ၁၃ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး တရုတ်ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် ၂၀၂၃ ခုနှစ်တွင် လွှဲပြောင်းပေး အပ်နိုင်ရန် လျာထားကာ ထိုင်းရေတပ်တွင် ၂၀၂၄ ခုနှစ် ၌ တပ်တော်ဝင်နိုင်မည်ဖြစ်ပေသည်။ ၎င်းစစ်ရေ ယာဉ်၏ ဧရာခင်းအခမ်းအနားအား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုင်းရေတပ်အနေဖြင့် နောင်လာမည့် ၁၁ နှစ်အတွင်း ရေငုပ်သင်္ဘော ၂ စီး ထပ်မံပိုင်ဆိုင်နိုင်ရေးအတွက် တင်ပြထားရှိမှုအပေါ်တွင် ထိုင်းအစိုးရအနေဖြင့် ယခုကဲ့သို့ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။
Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာနလေ့လာမှုအဖွဲ့၏ ဖော်ပြ ချက်အရ ထိုင်းနိုင်ငံအနေ ဖြင့် ၂ဝ၁၄ ခုနှစ်၌ စစ်အစိုးရ၏ အာဏာသိမ်းမှုအပြီးတွင် ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျတ်ငွေအမြောက်အ များအား တရုတ်နိုင်ငံထံသို့ ပေးအပ် ရန် အခွင့်အလမ်းပေးသကဲ့သို့ ဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၅ ခုနှစ် နောက်ပိုင်းကာလများတွင် တရုတ်ကုမ္ပဏီများသည် ထိုင်းစစ်အစိုးရသို့ တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် ရေငုပ်သင်္ဘောများတင်ပို့ရန် အခွင့်အရေးများစွာရရှိခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ သို့သော် ၂၄-၈-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းရေတပ်မှ စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ Adm Sittiporn Maskasem မှ ရေတပ်အနေဖြင့် စီးပွားရေးအကျပ်အတည်းကာလအတွင်း ရေငုပ် သင်္ဘောနှစ်စင်းဝယ်ယူမှုသည် ကာကွယ်ရေးမဟာဗျူဟာအရ ဝယ်ယူခြင်းဖြစ်သည်ဟု ခုခံကာကွယ်ပြောဆိုခဲ့ပြီး အစိုးရအနေဖြင့် ယခုကဲ့သို့ခွင့်ပြုခဲ့ခြင်းအပေါ် နိုင်ငံရေးအရ တိုက်ခိုက်သည့် ကြိုးပမ်းမှုများကိုလည်း ရှုတ်ချကြောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် ထိုင်းရေတပ်အနေဖြင့် ယခင်ကာ လများကတည်းက နှစ်ရှည် အစီအမံချမှတ်ခဲ့သည့် ရေငုပ်သင်္ဘော ၃ စီးပိုင်ဆိုင်နိုင်ရေး အိပ်မက်သည် အ ကောင် အထည်ဖော်လာနိုင်မည်ဟု ဆိုနိုင်သော်လည်း ရေငုပ်သင်္ဘောများအား လက်ဝယ်ပိုင် ဆိုင်နိုင်ရေးနှင့် စစ်ဆင်ရေးတာဝန်များအား အပြည့်အဝထမ်းဆောင်နိုင်ရေးအတွက် နှစ်ပေါင်းများစွာ ကြာမြင့်အောင် ဆက် လက် ကြိုးပမ်း အားထုတ်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source - Mg Moe

0 comments:

Post a Comment