Wednesday, August 5, 2020

ကမ္ဘာတစ်ဝန်း ကိုဗစ်ကြောင့် သေဆုံးသူ ၇၀၀,၀၀၀ ကျော်လွန်၊ ပျမ်းမျှ ၁၅ စက္ကန့်လျှင် တစ်ဦးသေဆုံး

ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူ ၇၀၀,၀၀၀ ကျော်လွန်ပြီဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၅ ရက်) စာရင်းတွေအရ သိရှိရပြီး အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကစီကိုနိုင်ငံတွေမှာ လတ်တလော သေဆုံးမှုမြင့်တက်နေခဲ့ပါတယ်။
Reuters သတင်းဌာနက လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှ ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံတွက်ချက်မှုအရ ပျမ်းမျှအားဖြင့် COVID-19 ကြောင့် ၂၄ နာရီအတွင်း လူ ၅,၉၀၀ နီးပါး သေဆုံးနေကြောင်း သိရပါတယ်။ ထိုတွက်ချက်မှုအရ COVID-19 ကြောင့် ၂၄ နာရီမှာ လူ ၂၄၇ ဦး သို့မဟုတ် ၁၅ စက္ကန့်တိုင်းမှာ လူတစ်ဦး သေဆုံးနေတာနဲ့ ညီမျှနေပါတယ်။
လက်ရှိမှာ လက်တင်အမေရိကဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ အစောပိုင်းမှာတော့ လူဦးရေ သန်း ၆၄၀ ခန့်ရှိ လက်တင်အမေရိကကို ကူးစက်မှု ပျံ့နှံ့ရောက်ရှိရန် အခြားကမ္ဘာ့နေရာတွေထက် နှေးကွေးနေခဲ့ပါတယ်။သို့သော် ကူးစက်မှုတွေဖြစ်ပွားလာပြီးနောက်မှာတော့လက်တင် အမေရိကရဲ့ ဆင်းရဲမှုနဲ့ လူဦးရေထူထပ်တဲ့ မြို့များအခြေအနေတွေကြောင့် ကူးစက်မှုထိန်းချုပ်ရန် ရုန်းကန်နေခဲ့ရပါတယ်။
လက်တင်အမေရိကနဲ့ ကာရေဘီယန်တစ်ဝန်း လူဦးရေ သန်း ၁၀၀ ကျော်ဟာ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်လျက်ရှိကြောင်း ကုလသမဂ္ဂ Human Settlements ရဲ့ အချက်အလက်အရ သိရှိရပါတယ်။ ထိုနေရာဒေသများရှိ လူအများအပြားဟာ ကပ်ရောဂါကာလအတွင်းမှာလည်း ဘဝရပ်တည်မှုအတွက် ဆက်လက် အလုပ်လုပ်ကိုင်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။
Ref ; Duwun

0 comments:

Post a Comment