Wednesday, August 19, 2020

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာဘတ်ဂျက် အစီရင်ခံစာကို စိတ်မခိုင်သူများ မဖတ်သင့်သော အစီရင်ခံစာဟု ဝက်လက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဆွေးနွေးပြောကြား

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာ ဘတ်ဂျက်သည် ပြည်သူများအတွက် တကယ့်မီးခဲသာ ဖြစ်ကြောင်း၊ နိုင်ငံအတွက် အမှန်တကယ် နစ်နာကြောင်း၊ ယင်းအစီရင်ခံစာမှာ စိတ်မခိုင်သူများ မဖတ်သင့်သော အစီရင်ခံစာသာ ဖြစ်ကြောင်း ဝက်လက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။
သြဂုတ် ၁၉ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၂၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ၎င်းက အထက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ၎င်းဆွေးနွေး ပြောကြားခဲ့သည့် အထဲတွင် နိုင်ငံတော်ဘဏ္ဍာငွေ ထုတ်ယူပြီး အတိုးများများရသော မြဝတီဘဏ်သို့ ငွေစုစာအုပ်ဖြင့် လွှဲပြောင်းအပ်နှံမှု၊ အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်း၏ သိန်း ၁၀၀၀ ကျော် အလွဲသုံးမှုကဲ့သို့ နောင်မဖြစ်ရန် ကြိုတင်စီမံမှု၊ စစ်ကိုင်းအမှတ် (၃) အထည်ချုပ်စက်ရုံ၏ ငွေအလွဲသုံးစားမှု၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအပေါ် ဆောင်ရွက်ထားသည့် ကိစ္စရပ်များအပေါ် အရေးယူ ဆောင်ရွက်မှု စသည့်အချက်ပေါင်း ၁၆ ချက်ကို တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။
“၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်အစီရင်ခံစာသည် နှလုံးရောဂါရှိသည့် ပြည် သူများအဖို့ အသက်အန္တရာယ်ပင် စိုးရိမ်ရလောက်အောင် ဖြစ်ပါတယ်။ အလွန်တရာမှ ဝမ်းနည်း စိတ်ပျက်ဖွယ် ဖြစ်ပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်များ အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိသမျှ ကာလပတ်လုံး နိုင်ငံမှာတိုး တက်စရာလမ်း မမြင်ပါ။ အိတ်ပေါက်နဲ့ဖားကောက်၊ သင်္ဘောပျက်တာကို ဆန်ဆေးခြင်းတောင်းနဲ့ ဖာသလို ဖြစ်နေပါတယ်။ နိုင်ငံသူ နိုင်ငံသားများရဲ့ မျက်နှာကို ထောက်ထားတဲ့ အနေနဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို ထိထိရောက်ရောက် အရေးယူ ရှင်းလင်းပြီး နိုင်ငံသားတို့ရဲ့ဘဝကို ကယ်တင်ပေးပါရန် မေတ္တာရပ်ခံပါတယ်။၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်ဟာ ပြည်သူတွေ အတွက်တော့ တကယ့်မီးခဲပါ။ နိုင်ငံအတွက် အမှန်တကယ် နစ်နာလှပါတယ်။ စိတ်မခိုင်သူများ မဖတ်သင့်တဲ့ အစီရင်ခံစာလို့ ဆွေး နွေးတင်ပြ လိုပါတယ်” ဟု ဝက်လက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ်ဦး မောင်မောင်ဝင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးသည် ယခင်စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို စစ်ဆေးရန် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တာဝန်ပေးချက်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၌ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို တောင်းခံစစ်ဆေးရာမှ တွင်းမ၊ တောင်ပျောက်၏ ရန်ပုံငွေကို မြဝတီဘဏ် ငွေစာအုပ်တွင် အပ်နှံထားကြောင်းကို တင်ပြချက်အရ တွေ့ရှိရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။
“နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အထူးခွင့်ပြုချက်ရှိသော ကိစ္စများမှတစ်ပါး ဘဏ်တစ်ခုခုတွင် သီးခြားစာရင်းဖွင့်လှစ်ထား၍ လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်း အပ် နှံထားခြင်း မပြုရဟု ပါရှိသော်လည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိကြောင်း တွေ့ရှိရပါတယ်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ စစ်ဆေးမှုနဲ့ သက်ဆိုင်မှု မရှိတဲ့အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းများနဲ့ ဆက်စပ်တဲ့ရန်ပုံငွေများ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၈ ခုနှစ်ကတည်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြအစီရင်ခံခဲ့ပါတယ်။ အစီရင်ခံစာမှာ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ ညွှန်ကြား ချက်များကို လိုက်နာမှုမရှိ၍ တိုင်းဒေသကြီး အစိုးရ ငွေထုတ်စာရင်းသို့ ပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း ဆောင်ရွက်ရန် အချက်များတွင် အစီရင်ခံခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း အစိုးရငွေထုတ်စာရင်း ကို ပြန်လည်ပေးသွင်းခြင်း မရှိတဲ့အတွက် ၂၀၁၈ ခုနှစ် Mini ဧပြီလမှ စက်တင်ဘာလအထိ စာရင်းစစ် အစီ ရင်ခံစာမှာ ထပ်မံဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်က လွှတ်တော်တွင် ဆက်လက်ဖြေကြားခဲ့သည်။
အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့် ဇွန် ၈ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော် ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်က ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီမှ စက်တင်ဘာလအထိ တွေ့ရှိသည့် အစီရင်ခံစာအား တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းကြောင်း သိရသည်။
Ref ; Eleven

0 comments:

Post a Comment