Sunday, August 23, 2020

အဂတိလိုက်စားမှုဖြင့် အမှုဖွင့် အရေးယူခံထားရသည့် သတ္တုတွင်းညွှန်မှူးအပါအဝင် လေးဦးကိုထိန်းသိမ်းထားပြီး မိုင်းကိုင်းနယ်မြေရဲစခန်းမှူးဟောင်း ရဲအုပ်တစ်ဦးထွက်ပြေးနေ

ရွှေမျောလုပ်ကွက်တွေနဲ့ပတ်သက်ပြီး ကျပ်သိန်းရာချီလာဘ်စားခဲ့တယ်လို့ဆိုကာ သတ္တုုတွင်းဦးစီးဌာနက ညွှန်ကြားရေးမှူးအပါအဝင်(၄)ဦးကိုထိန်းသိမ်းထားပြီး ကျန်(၁)ဦးမှာထွက်ပြေးလွတ်မြောက်နေတယ်လို့သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာနရုံးခွဲမှ ညွှန်ကြားရေးမှူးဦးအောင်နိုင်အပါအဝင် (၄)ဦးကို သက်ဆိုင်ရာရဲစခန်းတွေမှာထိန်းသိမ်းထားပြီး ရဲအုပ်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဦးကျော်စိုးကပြောပါတယ်။
“ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ ရွှေမျောလုပ်ကွက်တွေမှာ သူတို့ကရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီးတော့မှ ငွေကြေးရယူတယ်ဆိုတာစစ်ဆေးပေါ်ပေါက်တဲ့အတွက် တရားစွဲဆိုအရေးယူဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာရဲစခန်းတွေမှာတော့ ထိန်းသိမ်းထားပါတယ်။ တစ်ယောက်ကပဲနှုတ်ထွက်ထားတဲ့ရဲအုပ်ကတော့ သူ့ကိုထိန်းသိမ်းဖို့ကိစ္စဆောင်ရွက်ဆဲပဲပေါ့ ”လို့ ဦးကျော်စိုးကပြောပါတယ်။
အမှုကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနက ဝန်ထမ်းများဟာလုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီး အဂတိလိုက်စားမှုကျူးလွန်နေတယ်လို့တိုင်တန်းချက်တွေအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကစုံစမ်းစစ်ဆေးခဲ့တာလို့ဆိုပါတယ်။
သတ္တုတွင်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲက ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဟာ ရွှေမျောလုပ်ကွက်တွေလျှောက်ထားတဲ့ ကုမ္ပဏီတွေထံကငွေကျပ်သိန်း(၄၀)ရယူခဲ့ပြီး၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း(မုံရွာ)ကဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်ကလည်း ရွှေမျောလုပ်ကိုင်တဲ့ ကုမ္ပဏီတွေထံက ငွေကျပ်(၂၀၃)သိန်းကို လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ ဦးကျော်စိုးကပြောပါတယ်။
ရဲတပ်ဖွဲ့ကနှုတ်ထွက်ထားတဲ့ ရဲအုပ်မျိုးမင်းညွန့်ကလည်း ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းနယ်မြေရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရွှေမျောမောင်းသူ(၃)ဦးထံက ငွေကျပ်သိန်း(၅၀)နဲ့ မျောလုပ်သားသေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ငွေကျပ်သိန်း(၅၀)တို့ကို လက်ခံရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ပါတယ်။
ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြီးတန်းစာရေးဒေါ်ရှုရှုယဉ်ကလည်း အသေးစားရွှေမျောလုပ်ကွက်လျှောက်ထားတာနဲ့ပတ်သက်ပြီး ထောက်ခံစာပြုလုပ်ပေးဖို့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက မြေတိုင်း(၄)ဦးစိုးမိုးအောင်ထံက ငွေကျပ်(၃)သိန်း(၅)သောင်းလက်ခံရယူခဲ့တယ်လို့ ပေါ်ပေါက်တာကြောင့် နှစ်ဦးစလုံးကိုအရေးယူခဲ့တယ်လို့ ဦးကျော်စိုးကပြောပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေအရ ညွှန်ကြားရေးမှူးအပါအဝင်(၅)ဦးကို ဟုမ္မလင်းမြို့မရဲစခန်းနဲ့ မိုင်းကိုင်းနယ်မြေရဲစခန်းတို့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
အခုနှစ်ဇန်နဝါရီလကနေ ဩဂုတ်လ(၂၂)ရက်နေ့အထိ အဂတိလိုက်စားမှုနဲ့အရေးယူခဲ့သူလူ(၃၀)ကျော်ရှိတယ်လို့သိရပါတယ်။
Source : ACC Myanmar
Crd : OneNewsMyanmar

0 comments:

Post a Comment