Friday, August 21, 2020

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်တပ်ဖွဲ့ အင်အားကြီးမားလာ၊ အမေရိကန်နိုင်ငံ၏ အရေးကြီးဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေ

မြောက်ကိုရီးယားနိုင်ငံ၌ နျူကလီးယားလက်နက် ၆၀ အထိ ရှိပြီး ဓာတုလက်နက် တန်ချိန် ၅၀၀၀ ကြောင့် ကမ္ဘာပေါ်တွင် ဓာတုလက်နက် တတိယအများဆုံးရှိသော တိုင်းပြည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။
မြောက်ကိုရီးယားနိုင်ငံ က နျူကလီးယားနှင့် ဓာတုလက်နက်များ ပိုင်ဆိုင်ပြီး ဇီဝလက်နက်များဆိုင်ရာ သုတေသနလည်း လုပ်ဆောင်ခဲ့ ဖွယ်ရှိကြောင်း “မြောက်ကိုရီးယားနည်းပရိယာယ်များ” ဟု အမည်ပေးထားသည့် အမေရိကန် ကာကွယ်ရေးဝန် ကြီးဌာနက ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံက နှစ်စဉ် ဗုံးသစ်ခြောက်လုံး ထုတ်လုပ်နိုင်သည့် နျူကလီးယားဗုံး ၂၀ မှ ၆၀ အထိ ရှိသည်ဟု အမေရိကန်တပ်မတော်က ခန့်မှန်းထားသည်။ မြောက်ကိုရီးယားနိုင်ငံက ယခုနှစ်မကုန်မီ နျူကလီး ယားထိပ်ဖူး ၁၀၀ အထိ ရရှိနိုင်ကြောင်း လေ့လာမှုအချို့က ဆိုသည်။ ဆာရင်အဆိပ်နှင့် ဗွီအိတ်ဇ် ဓာတုပစ္စည်း အ ပါအဝင် မြောက်ကိုရီးယားနိုင်ငံက မတူညီသော အမျိုးအစား ၂၀ ကျော်ရှိသော ဓာတုလက်နက် တန်ချိန် ၂၅၀၀ မှ တန်ချိန် ၅၀၀၀ ကြား ပိုင်ဆိုင်သည်ဟု ယူဆရပြီး ကမ္ဘာပေါ်တွင် ဓာတုပစ္စည်း တတိယအများဆုံး ပိုင်ဆိုင်သည့် တိုင်းပြည်ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဇီဝပစ္စည်းများတွင် ထောင့်သန်းနာ၊ ဝမ်းလျောရောဂါ၊ တုပ်ကွေး၊ ငန်းဖျားရော ဂါနှင့် တိုက်ဖွိုက်ရောဂါတို့ ဖြစ်စေနိုင်သောပစ္စည်းများ ပါဝင်သည်။ အစီရင်ခံစာအရ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယား၊ ဂျပန် သို့မဟုတ် ဒေသတွင်းရှိ အမေရိကန်ပစ်မှတ်များကို ဒုံးကျည်ဖြင့်ပစ်ခတ်ရာတွင် အသုံးပြု သည့် ထောင့်သန်းနာကို လက်နက်အဖြစ်ပြုလုပ်ခဲ့ဖွယ်ရှိဟု သိရသည်။
ထောင့်သန်းနာ တစ်ကီလိုဂရမ်က ဆိုးလ်မြို့တော်နေ လူပေါင်း ၅၀၀၀၀ အထိ သေဆုံးစေနိုင်သည်။ စာ မျက်နှာ ၃၃၂ မျက်နှာပါ ပင်တဂွန်၏ အစီရင်ခံစာအရ တာလတ် သို့မဟုတ် တာဝေးပစ်ဒုံးကျည်များတွင် တပ်ဆင် မည့် နျူကလီးယားဗုံး အသေးစားများ ထုတ်လုပ်ခြင်းဖြင့် နျူကလီးယားစစ်ပွဲက တိုင်းပြည်အပေါ် တိုက်ခိုက်မှု သို့ မဟုတ် ကင်မိသားစုအား ရာထူးမှဖြုတ်ချရည်ရည်ရွယ်သည့် အစိုးရအပြောင်းအလဲတစ်ရပ်ကို တားဆီးနိုင်မည်ဟု မြောက်ကိုရီးယားနိုင်ငံက ယုံကြည်ခဲ့သည်ဟု သိရသည်။
မြောက်ကိုရီးယားနိုင်ငံ၌ အခြေခံရည်မှန်းချက်သုံးခုရှိကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်နှင့် သူ၏မိသားစု အာဏာဆက်လက်ထိန်းထားရန်၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုမရှိသည့် အမှီအခိုကင်းသော နိုင်ငံတစ်ခုအဖြစ် ဆက်လက်ရှိစေရန်နှင့် မြောက်ကိုရီးယားအစိုးရ၏ ဦးဆောင်မှုအောက်တွင် ကိုရီးယားကျွန်း ဆွယ် ပြန်လည်ပေါင်းစည်းရန်တို့ဖြစ်သည်ဟု အမေရိကန်တပ်မတော်က အကဲဖြတ်သည်။
လစ်ဗျားခေါင်းဆောင် မူအမ်မာကဒါဖီက ၂၀၀၃ ခုနှစ်တွင် နျူကလီးယားလက်နက်များ စွန့်လွှတ်ချိန်တွင် ပြင်ပ အင်အားကြီးတိုင်းပြည်များက လစ်ဗျားပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း၊ ကင်မိသားစုအနေ ဖြင့် မြောက်ကိုရီးယားနိုင်ငံ၌ အလားတူဖြစ်ရပ်မျိုး မဖြစ်စေလိုဟု မြောက်ကိုရီးယားနိုင်ငံက ရှုမြင်ကြောင်း အမေ ရိကန်တပ်မတော်က ဆိုသည်။
ဒုံးကျည်စနစ်များ၏ တိကျမှုက မြောက်ကိုရီးယားပြည်သူ့တပ်မတော်အတွက် အရေးပါသော ကန့်သတ်ချက်တစ်ရပ်ဖြစ်သော်လည်း မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားနှင့် ဓာတုလက် နက်များ ပိုင်ဆိုင်ထားသည်မှာ မငြင်းဆန်နိုင်ကြောင်း အစီရင်ခံက ဖော်ပြသည်။
တရုတ်နိုင်ငံနှင့် နီးကပ်မှုရှိခြင်း ၊ နှစ် ၇၀ အတွင်း တောင်ကိုရီးယားနိုင်ငံ၏ အမေရိကန်နိုင်ငံနှင့်ဆက်ဆံ ရေးနှင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ကောင်းမွန်လာမှုက အမေရိကန်နိုင်ငံ၏ အရေးပါသော ကုန်သွယ် ဘက်နိုင်ငံတစ်ခု ဖြစ်လာခြင်းကြောင့် ကိုရီးယားကျွန်းဆွယ်က အမေရိကန်နိုင်ငံအတွက် မဟာဗျူဟာအရ အရေး ပါသောနေရာတစ်ခုဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံက အကြောင်းများစွာကြောင့် အမေရိကန်နိုင်ငံ၏ အရေးကြီးဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဟု အစီရင်ခံစာက ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံ၌ ပြည်သူ ၂၅ သန်း၏ ၅ ရာခိုင် နှုန်း သို့မဟုတ် ၁ ဒသမ ၂ သန်းက အမြဲတမ်းတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ပြီး ၇ ဒသမ ၇ သန်းက အရန် တပ်ဖွဲ့တွင် ထမ်းဆောင်ကြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အင်အားကြီးမားသော တပ်မတော်ကို အိမ်နိးချင်း တိုင်းပြည်များအား ခြိမ်း ခြောက်ရာတွင် အသုံးပြုပြီး တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နှင့် အခြားတိုင်းပြည်များနှင့် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်း၌ သံတမန်ရေးအရ အလျော့ပေးမှုများရရှိရန် မြောက်ကိုရီးယားနိုင်ငံက အကန့်အသတ်ရှိသော စစ်ရေး အရ ရန်စမှုများ အသုံးပြုကြောင်း အစီရင်ခံစာက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အမျိုးသားတပ်မတော်က ကင်မိသားစု၏အုပ်ချုပ်မှုကို အကာအကွယ်ပေးခြင်း၊ နျူကလီးယားလက်နက်များနှင့် ကွန်ပြူတာစစ်ပွဲ ခြိမ်း ခြောက်မှုပြုလုပ်ခြင်းဖြင့် သံတမန်ရေးအရ အားသာချက်ရရှိရန် အစိုးရကို ပံ့ပိုးပေးလျက်ရှိသည်။
ဗျူရို ၁၂၁ ဟု လူသိများသည့် ဆိုက်ဘာစစ်ပွဲလမ်းညွှန်ချက်တပ်ဖွဲ့၏ ဆိုက်ဘာစစ်ပွဲဆင်နွှဲမှုကို အစီရင်ခံ စာက ဖော်ပြခဲ့သည်။ ဘီလာရုစ်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနှင့် ရုရှားနိုင်ငံ၌ ဆောင်ရွက်နေသည့် ဗျူရို ၁၂၁ ၏ ဟက်ကာ ၆၀၀၀ ကျော်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ ဗျူရို ၁၂၁ အောက်တွင် အဖွဲ့ခွဲလေးခုရှိပြီး Andariel အဖွဲ့က ဖြစ်နိုင်ဖွယ်ရာ တိုက်ခိုက်မှုများအတွက် ထောက်လှမ်းမှုနှင့် ရန်သူ့ကွန်ရက်များ ထောက်လှမ်းပြီး Blenoroff အဖွဲ့က ငွေကြေးဆိုင်ရာ ဆိုက်ဘာမှုခင်းများ ကိုင်တွယ်ကာ ပြုံယမ်းအခြေစိုက် အီလစ်ထရောနစ်စစ်ပွဲ ဌာနနှင့် ရန်သူ့ကွန်ရက်များ၌ လူမှုကွန်ရက်များ၌ မမှန်မကန်သတင်းများ ဖြန့်ဝေသည့် Lazarus အဖွဲ့တို့ ဖြစ်သည်။

0 comments:

Post a Comment