Monday, August 24, 2020

အရာတော်မြို့နယ် လက်ပံတန်းရွာ မူးမြစ်သောင်ပြင်တွင် အရိုးစုတစ်ခု တွေ့ရှိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဆင်တလည်ကျေးရွာရဲ့အရှေ့ဘက်ကမ်း လက်ပံတန်းရွာ၊ မူးမြစ်ကမ်းဘေးမှာ ဒိုင်နိုစောလို့ယူဆရတဲ့ အရိုးစုတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒိုင်နိုစော အရိုးစုလို့ ခန့်မှန်းရတဲ့ အရိုးစုကို မူးမြစ်သောင်ပြင်မှာ တွေ့ခဲ့ရတာ ဖြစ်တယ် ၊ အဲ့ဒီ အရိုးစုရဲ့ ပုံသဏ္ဍာန်က ရှေ့ခြေတောက်က တိုပြီး နောက်ခြေတောက်က ရှည်တယ် ၊ ကြောရိုးပေါ်မှာရှိတဲ့ ဆူးတောင်တွေက ရှစ်ရိုး ကိုးရိုးလောက်ရှိတယ် ၊ အရှည်က တစ်ပေခွဲလောက်ဖြစ်မယ် ၊ နံရိုးတွေက တဖက်ကို ၂၅ ချောင်းပါတယ် ၊ အရှည်က တစ်တောင်ကျော် နှစ်တောင်လောက်ဖြစ်မယ် ၊ ငါး ရှော့တိုက်တာနဲ့ထိမိပြီး သေဆုံးခဲ့တယ်လို့ ယူဆရတယ် ၊ လွန်ခဲ့တဲ့ ၁၀ရက်ကလဲ ဒိုင်နိုစောလို့ထင်ရတဲ့ သားပေါက် အရှင်တစ်ကောင်ကို ရွာကလူတွေက တွေ့ရလို့ လှေတွေ ငါးဖမ်းပိုက်တွေနဲ့ လိုက်ပြီးဖမ်းကြတာ မရလိုက်ဘူးလို့ သိရတယ် ” လို့ ဆင်တလည်ကျေးရွာခံတစ်ဦးက ပြောပါတယ်။
ဆင်တလည်ရွာက တောင်သူတွေဟာ လယ်ယာလုပ်ငန်းခွင်ကို ကျွဲ၊ နွားတွေအသုံးပြုပြီး လုပ်ကိုင်ကြတာမို့ ထူးခြားစွာတွေ့ရတဲ့ အရိုးစုဟာ ကျွဲအရိုးစု ၊ နွားအရိုးစု မဟုတ်ဘူးလို့လည်း ပြောနေကြပါတယ်။
မုံရွာခရိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်အောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ မူးမြစ် အနောက်ဘက်ကမ်းမှာ တွေ့ရတာလို့ ပြောပါတယ် ၊ ကုန်းခေါင်ခေါင်မှာ မဖြစ်နိုင်ဘူးလို့ သိရတယ် ” လို့ ပြောပါတယ်။
ဆင်တလည်ကျေးရွာအနီး မူးမြစ်သောင်ပြင်မှာ တွေ့ရခဲ့တဲ့ အရိုးစုတွေဟာ အငြင်းပွားဖွယ်ရာ ထူးဆန်းတဲ့ အရိုးစုတွေဖြစ်နေလို့ ဇီဝဗေဒ ပညာရှင်တွေနဲ့ စစ်ဆေးအဖြေရှာဖို့ ဒေသခံရွာသားတွေက ဆန္ဒရှိနေပါတယ်။
ဇီဝဗေဒ ပညာရှင်တွေဆီက ထွက်ပေါ်လာမယ့်အဖြေကိုကြည့်ပြီး အရာတော်မြို့နယ်အ တွက် မှတ်တိုင်တစ်ခု ဖြစ်စေချင်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

0 comments:

Post a Comment