Sunday, August 23, 2020

တောင်ဆူဒန်မှာ ငွေစက္ကူတင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ကာ လူ ၇ ဦး သေဆုံး

စားသောက်ကုန်၊ ဆိုင်ကယ်တွေနဲ့ ငွေစက္ကူတွေ တင်ဆောင်ကာ တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူဘာလေယာဉ် ကွင်းကနေ ပျံတက်သွားခဲ့တဲ့ လေယာဉ်တစ်စင်းဟာ ပျံတက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့တာကြောင့် ခရီးသည် လေးဦးနဲ့ လေယာဉ်အမှုထမ်း သုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Antonov An-26 အမျိုးအစားလေယာဉ်ဟာ နိုင်ငံအနောက်တောင်ပိုင်း Aweil မြို့ကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ငါးဦးနဲ့ လေယာဉ်အမှုထမ်း သုံးဦး စုစုပေါင်း ရှစ်ဦး ပါဝင်ခဲ့တာဖြစ်ကာ ခရီးသည် အမျိုးသမီးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ပြီး သူမ အခြေအနေကောင်းမွန်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး မာဒတ် ဘီယာယိုလ်က AFP ကို ပြောဆိုခဲ့ပါတယ်။ အခြားခရီးသည် လေးဦးနဲ့ အမှုထမ်း သုံးဦးကတော့ သေဆုံးခဲ့တယ်လို့လည်း ၎င်းက အတည်ပြုပြောဆိုပါတယ်။
တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနကို ပြောဆိုရာမှာ ယင်းလေယာဉ်ပေါ်မှာ မော်တော်ဆိုင်ကယ်တွေ၊ အစားအစာတွေနဲ့ NG0 ဝန်ထမ်းတွေကို ပေးမယ့်လစာငွေတွေ တင်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်နေရာကို အပြေးအလွှားရောက်ရှိလာတဲ့လူတွေဟာ လေယာဉ်ပျက်ဝန်းကျင်မှာ ပျံ့ကျဲနေခဲ့တဲ့ ပိုက်ဆံတွေကို အလုအယက် ကောက်ယူခဲ့ကြတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောဆိုပါတယ်။
၂၀၁၇ ခုနှစ်ကလည်း ဂျူဘာမြို့ကနေ ပျံသန်းလာတဲ့ An-26 ခရီးသည်တင်လေယာဉ်တစ်စင်း ဝါယုမြို့မှာ ဆင်းသက်ခဲ့စဉ် မီးစွဲလောင်မှုဖြစ်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်မှာ လေယာဉ် လုံးဝပျက်စီးသွားခဲ့ပေမယ့် ခရီးသည် ၄၅ ဦးစလုံးကို ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။
Ref ; AKon Thi

0 comments:

Post a Comment