Wednesday, August 19, 2020

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ ညွှန်ကြားချက်အရ အောင်ရဲထွေးသေဆုံးမှုမှ အာမခံပေးထားသူ သုံးဦးကို ခရိုင်တရားရုံးက အာမခံရုပ်သိမ်းပြီး ပြန်လည်ဖမ်းဆီး

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ ညွှန်ကြားချက်အရ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်ပြီး အာမခံပေး ထားသူ သုံးဦးကို ဩဂုတ် ၁၈ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးက အာမခံ ပြန်လည်ရုပ်သိမ်းပြီး ဖမ်းဆီးလိုက် ကြောင်း သိရသည်။
အောင်ရဲထွေး သေဆုံးမှုတွင် အာမခံဖြင့် အမှုရင်ဆိုင် နေရသည့် သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေးနှင့် ကျော်ဇောဟန်(ခ) ကျော်ဇောတို့ သုံးဦး ကို အာမခံ ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ကြောင့် ဩဂုတ် ၁၈ ရက်က အရှေ့ပိုင်း ခရိုင်တရားရုံးသို့ ရုံးချိန်းလာရောက် ချိန်တွင် ပြန်လည်ဖမ်းဆီးလိုက်ခြင်းဖြစ် သည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး တိုင်းတရားရုံး၏အမိန့်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ဖျက် လိုက်ခြင်းကြောင့် ခရိုင်တရားရုံး အမိန့်ကို အတည်ပြုကာ လူသတ်မှု ပုဒ်မ-၃၀၂ (၂) ဖြင့် ပြန်လည်ဖမ်းဆီး ခြင်းဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက် ပြီး ရန်ကုန်တိုင်း တရားလွှတ်တော်က အာမခံရရှိနိုင်သည့် ပုဒ်မ-၃၂၅ (အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ-၁၁၄ (အားပေးကူညီမှု)ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် တွင် သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် ကျော်ဇောဟန်(ခ) ကျော်ဇောတို့သုံးဦးကို ခရိုင်တရားရုံးက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ တန် လူနှစ်ဦးဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ယင်းပုဒ်မအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြင်ဆင်ချက် ပြန်လည်တင်သွင်းခဲ့ရာ ယခင်စွဲချက်တင်ထားသည့် ပုဒ်မ- ၃၀၂(၂)/၁၁၄ အတိုင်း ပြန်လည်စစ်ဆေးရန်အမိန့်ချမှတ်ခဲ့သည်။သရုပ်ဆောင် အောင်ရဲထွေးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏရှိ The One Entertainment တွင် သန်းထွဋ်အောင်(ခ)သားကြီး အပါ လူတစ်စု၏ ဝိုင်းဝန်းထိုးကြိတ်မှုကြောင့် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
Crd : စံတော်ချိန်

0 comments:

Post a Comment