Tuesday, August 11, 2020

အင်ဒိုနီးရှား၊ စီနာဘွန်မီးတောင်တွင် ပေါက်ကွဲမှုများထပ်ရှိလာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထား

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားပြည်နယ်မြောက်ပိုင်းက စီနာဘွန်မီးတောင်မှာ သုံးရက်အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ထပ်လည်းပေါက်ကွဲတာတွေဖြစ်လာနိုင်သေးတာကြောင့် သတိပေးချက်ထုတ်ပြန်ထားခဲ့ပါတယ်။
မီးတောင်လှုပ်ရှားပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာနိုင်တာကြောင့် စီနာဘွန်မီးတောင်နဲ့အနီးတဝိုက်က အ
န္တရာယ်ဇုန်ဖြစ်လာနေပြီး မီးတောင်အနီးတဝိုက် သွားလာလုပ်ကိုင်မှုတွေကို သတိပြုကြဖို့နဲ့ အနီးတဝိုက်နေထိုင်သူဒေသခံတွေအနေနဲ့ ဆက်လက်ထုတ်ပြန်မယ့်သတိပေးချက်တွေကို နားစွင့်နေကြဖို့ တိုက်တွန်းပြောကြားထားခဲ့ပါတယ်။
လေကြောင်းပျံသန်းမှုတွေအတွက် လိမ္မော်ရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားခဲ့ပြီး မီးတောင်အနီးတဝိုက်ကနေ လေယာဉ်ပျံသန်းမှုတွေကိုလည်း တားမြစ်ထားခဲ့ပြီဖြစ်ပါတယ်။ မီးတောင်ချော်ပြာတွေက အမြင့်ပေ ၁၆၀၀ဝထိ ပန်းထွက်နေခဲ့တာပြီး မီးတောင်ပြာတိမ်စိုင်ကြီးက တဖြည်းဖြည်း အရွယ်အစားပိုပြီးကြီးမားလာနေပါတယ်။
ဩဂုတ်လ ၈ရက်ကတည်းက မီးတောင်လှုပ်ရှားပေါက်ကွဲလာခဲ့တာဖြစ်ပြီး သုံးရက်အတွင်းမှာပဲ ပေါက်ကွဲမှုကြီးနှစ်ကြိမ်ဖြစ်ခဲ့ပြီလို့ အင်ဒိုနီးရှားမီးတောင်စောင့်ကြည့်ရေးစင်တာက ဆိုပါတယ်။မီးတောင်ပေါက်ကွဲမှုတွေကြောင့် မီးတောင်နဲ့အနီးဝန်းကျင်က မြို့ရွာတွေမှာလည်း ပြာမှုန်တွေဖုံးလွှမ်းနေခဲ့ပြီး ကောင်းကင်မှာလည်း အုံ့မှိုင်းမည်းနက်နေခဲ့ပါတယ်။
လှုပ်ရှားမှုမရှိခဲ့တာ နှစ် ၄၀ဝနီးပါးရှိခဲ့ပြီးမှ ၂၀၁၀ပြည့်နှစ်မှာ ပြန်ပြီးသက်ဝင်လှုပ်ရှားခဲ့တာဖြစ်ပြီး နောက် ပိုင်းမှာ စီနာဘွန်မီးတောင်က မကြာခဏဆိုသလို ပေါက်ကွဲနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်က စီနာဘွန်မီးတောင်ပေါက်ကွဲမှုမှာ သေဆုံးသူ ၁၆ဦးထက်မနည်းရှိခဲ့ပြီး ၂၀၁၆ခုနှစ်က ထပ်မံပေါက်ကွဲခဲ့တာမှာလည်း သေဆုံးသူ ၇ဦးရှိခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မကြာခဏလှုပ်ရှားပေါက်ကွဲနေတဲ့ မီးတောင် ၁၂ဝနီးပါးရှိပြီး အခုစီနာဘွန်မီးတောင်လည်း တစ်ခုအပါအဝင်ဖြစ်လာခဲ့ပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment