Wednesday, August 26, 2020

မြန်မာဘက်က တရားဥပဒေသတ်မှတ်ချက်နှင့်အညီ “ရွှေကုက္ကိုမြို့သစ်” အရေးကိစ္စဖြေရှင်းမှုကို တရုတ် ထောက်ခံ

မြန်မာဘက်က တရားဥပဒေသတ်မှတ်ချက်နှင့်အညီ “ရွှေကုက္ကိုမြို့သစ်” အရေးကိစ္စဖြေရှင်းမှုကိုတရုတ်ဘက်က ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ် ၂၅ရက်ကထုတ်ပြန်သည်။
လတ်တလောတွင် မီဒီယာအချို့က မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုမြို့သစ်စီမံကိန်း အကြောင်း သတင်းဖော်ပြရာတွင် အဆိုပါစီမံကိန်းသည် လောင်းကစားပြဿနာနှင့် သက်ဆိုင်ပြီး ဒေသခံလူမှုအဖွဲ့အ စည်းကို မကောင်းသည့် အကျိုးသက်ရောက်မှု ဖြစ်စေကြောင်း ဖော်ပြထားပါသည်။ ရင်းနှီးမြှုပ်နှံသူများက အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံ “Belt and Road” အဆိုပြုချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော ပြောဆိုချက်ကို မီဒီယာများက ရေးသားဖော်ပြကြပြီး လူအများက အဆိုပါသတင်းကို အာရုံစိုက်နေကြကြောင်းဖေါ်ပြထားသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရကလည်း သက်ဆိုင်ရာ အရေးကိစ္စကို အလေးထားပြီး ရင်းနှီးစွာညှိနှိုင်းဆွေး နွေးလျက်ရှိပါသည်။ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က ညှိနှိုင်းဆွေးနွေးသည့်အခြေအနေအရ မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံရုံးက အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန်အပ်ပါသည် ဟုပါရှိသည်။
“ရွှေကုက္ကိုမြို့သစ်” စီမံကိန်းသည် တတိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး “Belt and Road” အဆိုပြုချက်နှင့် လုံးဝမသက်ဆိုင်ပါ။ တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက အဆိုပါကိစ္စအပေါ် တိကျသည့် သဘောတူညီချက် ရှိပြီးဖြစ်ကာ မြန်မာဘက်ကလည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ပြောကြားပြီးဖြစ် ကြောင်းသိရသည်။
တရုတ်ဘက်က နိုင်ငံဖြတ်ကျော် လောင်းကစားပြုလုပ်သည့်ပြဿနာနှင့် စပ်လျဉ်း၍ သဘောထားသည် တ ရုတ်နိုင်ငံအရင်းအနှီးများဖြင့် ဒေသခံလောင်းကစားရုံအား ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုခြင်း၊ တရုတ်နိုင်ငံသားများ ဒေသခံလောင်းကစားရုံ လည်ပတ်မှုတွင် ပါဝင်ခွင့်မပြုခြင်း၊ ဒေသခံ လောင်းကစားရုံက တရုတ်နိုင်ငံသားများ လောင်းကစားလုပ်ရန် ခေါ်ဆောင်ခွင့်မပြုခြင်း ဟူသည့်အတိုင်း အမြဲတစေတိကျပြတ်သားပါကြောင်း ထုတ်ပြန်ထားသည်။
တရုတ်ဘက်က မြန်မာဘက်နှင့်အတူ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ပြီး တရားမဝင်လောင်းကစားပြုလုပ်မှု၊ တယ်လီဖုန်းဖြင့် လိမ်ညာခြင်းစသည့် နိုင်ငံဖြတ်ကျော် တရားဥပဒေချိုးဖောက်သည့် ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရေးကို မြှင့်တင်ကာ နှစ်နိုင်ငံ လူမှုအဖွဲ့အစည်းလုံခြုံ ရေးနှင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်ဟု ပါရှိသည်။
မြန်မာနိုင်ငံအစိုးရက သီးသန့်အဖွဲ့အစည်းထူထောင်၍ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းအရေးကိစ္စကို တရားဥပဒေသတ်မှတ်ချက်နှင့်အညီ စုံစမ်းစစ်ဆေးဖြေရှင်းနေပြီဖြစ်ရာ တရုတ်ဘက်က ယင်းအပေါ် ထောက်ခံအားပေးကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Ref ; MyanmarLuDu Media

0 comments:

Post a Comment