Monday, August 10, 2020

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ လှည်းကူးမြို့နယ်တွင် ဆန်အိတ်များသွားရောက်လှူဒါန်း

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နဲ့ ဇနီးတို့ကို အမှူးထား ထူထောင်တဲ့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းဟာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ထဲမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အခက်အခဲရှိနေတဲ့ ပြည်သူများကို ဆန် လှူဒါန်းတဲ့ အလှူတစ်ခု ရက်ဆက်ပြုလုပ်နေပါတယ်။
ဒီနေ့ နံနက် (၉) နာရီခွဲလောက်ကစပြီး လှည်းကူးမြို့ပေါ်က "လယ်ပေါ်ကျောင်းတိုက် ဓမ္မာရုံ" မှာ ကျွန်းကလေးရွာနဲ့ သပြေရိုးရွာက အခက်အခဲရှိနေတဲ့ မိသားစု ၁၃၈ စု ကို တစ်အိမ်ထောင် ဆန် (၆) ပြည်နှုန်းနဲ့ ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။
အသင်းအနေနဲ့ COVID-19 ကာလအတွင်းမှာ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ သားသမီးရှိပြီးတကိုယ်တည်း ရုန်းကန်နေရသူမိန်းမသားမျိုးတွေကို ဦးစားပေး လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ညနေပိုင်းမှာတော့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းဟာ လှည်းကူးမြို့နယ် သာယာကုန်းနဲ့ ကျောက်အိုင်ရွာက မိသားစု (၉၂)စုကို ကျောက်အိုင်ဘုန်းကြီးကျောင်းဓမ္မာရုံမှာ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။
အဆိုပါ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းကြီးအနေနဲ့ ယခုတစ်ကြိမ်ဆန်အလှူတော်မှာ မိသားစု (၆၀၀၀) လောက်အထိ ထောက်ပံ့လှူဒါန်းသွားဖို့ ရည်ရွယ်ထား ကြောင်းလည်း သိရှိရပါတယ်။
Crd : အောင်ပိုင်မင်း

0 comments:

Post a Comment