Tuesday, August 11, 2020

ရန်ကုန်မှာ ပြိုင်ဆိုင်မှု ယခင်ကထက် ပြင်းထန်လာဖွယ်ရှိတဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ

လက်ရှိ ဒုတိယအကြိမ် လွှတ်တော်မှာ ထင်ရှားတဲ့ ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါ်ထုမေက ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ဒေါ်ထုမေ အောင်နိုင်ရေးအတွက် ဝန်းရံသွားမယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌ ဦးဦးလှမြင့် က ပြောကြားခဲ့ပါတယ်။
ဒေါ်ထုမေရဲ့ ပြိုင်ဘက်တွေကတော့ ရခိုင်အမျိုးသားပါတီ ANP က ဦးဦးမြင့်ကျော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်မျိုးဦး၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးတင်ထူးအောင် တို့ ဖြစ်လာမှာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ စတဲ့ ပါတီကြီးတွေက ဒီနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။
ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ လက်ခံခဲ့ပြီး ပြန်ရုပ်သိမ်းလိုတဲ့သူတွေကို သြဂုတ် ၁၀ ရက်နေ့အထိ ရုတ်သိမ်းခွင့် ပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရခိုင်အမျိုးသားပါတီ ANP ကနေ ဦးဇော်အေးမောင်က နှစ်ကြိမ်ဆက်တိုက် အောင်နိုင်ထားတာပါ။
ဦးဇော်အေးမောင်က ဒီနှစ်မှာတော့ ANP ပါတီကနေပဲ ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာမှာ ပြောင်းလဲယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ANP ပါတီတွင်းမှာပဲ ဦးဇော်အေးမောင် အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်လိုသူ သုံးဦး ရှိနေတာကြောင့် ပါတီတွင်း အကဲဖြတ်ရွေးချယ်မှုအရ ရွေးကောက်ပွဲအောင်နိုင်ခြေ အများဆုံးရှိတဲ့ ဦးဦးမြင့်ကျော် က ရန်ကုန်တိုင်းကနေ ယှဉ်ပြိုင်ခွင့်ရတာဖြစ်တယ်လို့ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
Crd ; RFA

0 comments:

Post a Comment