Saturday, August 22, 2020

ကယားပြည်နယ် ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှုတွင် ပါဝင်လက်မှတ်ရေးထိုးထားသော ဒီးမော့ဆို မြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ) စဲရယ် နုတ်ထွက်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အပေါ် စွပ်စွဲပြစ်တင်မှုမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တာကနေ နုတ်ထွက်ကြောင်းနဲ့ စွပ်စွဲမှုအပေါ် ကန့်ကွက်ကြောင်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ) စဲရယ်က ပြည်နယ်လွှတ်တော်ကို ဥက္ကဋ္ဌဆီ တင်ပြထားကြောင်း သိရှိရပါတယ်။
အဆိုပါ ကယားပြည်နယ်ဝန်ကြီးချုပ်အား အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှော်စီး လုပ်ငန်းစီမံကိန်းအားဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှုအောင်မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေသည်ဟုဆိုကာ ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် တင်ပြခြင်းဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း( ၅ ) ပုဒ်မ ၂၆၃ (က) ပါပြဋ္ဌာန်း ချက်များကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှတဆင့် အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံတစ်ပုံက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ( ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ လက်မှတ်ရေးထိုး တင်ပြလာသဖြင့် ပြည်နယ်လွှတ်တော်က သြဂုတ် ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်နယ်လွှတ်တော်ကဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်က ဦးဆောင်ပြီး အတွင်းရေးမှုးအဖြစ် ဖရူဆိုမြို့နယ်မဲဆန္ဒနယ် အမှတ်( ၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ)နော်အီက တာဝန်ယူဆောင်ရွက်လျက်ရှိကာ အဖွဲ့ဝင်များအဖြစ် ဘောလခဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးစိုးရယ်၊ ဖားဆောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်( ၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးအောင်ခိုင်စိုးတို့ ပါဝင်သည်။

0 comments:

Post a Comment