Wednesday, August 5, 2020

ရေနံချောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံကွန်ကရစ်တံတားချဉ်းကပ်လမ်း ပျက်စီး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ချောင်းဆုံကျေးရွာ အရှေ့ မြောက်ဘက်ရှိ ကွန်ကရစ်တံတား ချဉ်းကပ်များ ပျက်စီးခဲ့ပြီး နတ်ကန်ဦးကျေးရွာနှင့် အုတ်ရှစ်ကုန်းကျေးရွာအကြား ချောင်းရေလျှံတက်မှုကြောင့် နေအိမ်နှစ်လုံး၊ လမ်းလုပ်သားများ၏ ယာယီတဲများ ရေဝင်ရောက်ခဲ့ပြီး ဝက်တစ်ကောင်နှင့် လက်ကိုင်ဖုန်းသုံးလုံး မျှောပါသွားခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နတ်ကန်ဦး-သစ်ဖြူပင်-အင်တော လမ်းပေါ်ရှိ ဖောင်းကွဲချောင်းရေကျော်မှ ချောင်းရေလျှံတက်မှုကြောင့် နတ်ကန်ဦးကျေးရွာနှင့် အုတ်ရှစ်ကုန်းကျေးရွာအကြား ချောင်းအနောက်ဘက်ရှိ ရွှေတင့်တယ်ကုမ္ပဏီမှ ကျောက်ချောလမ်းခင်းနေသည့် အလုပ်သမားများ၏ ယာယီတဲ ၁၄ လုံးနှင့် နေအိမ်နှစ်လုံး စုစုပေါင်းအိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၅၁ ဦးတို့အား ဘေးလွတ်ရာ အမြင့်ပိုင်းသို့ပြောင်းရွေ့နိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ချောင်းရေလျှံတက်မှုကြောင့် ဝက်တစ်ကောင်၊ လက်ကိုင်ဖုန်း သုံးလုံး၊ အဝတ်အထည်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ မျောပါသွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ ထို့အပြင် ချောင်းတိမ်ချောင်း ရေ လျှံမှုကြောင့် စည်ပင်သာရပ်ကွက်အတွင်း ရေများဝင်ရောက် ခဲ့ကြောင်း သိရသည်။
ချောင်းရေတိုက်စားမှုကြောင့် ချောင်းဆုံကျေးရွာ အရှေ့မြောက်ဘက်ရှိကွန်ကရစ်တံတား၏ ချဉ်းကပ်များ ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများ လတ်တလောသွားလာမှုအဆင်ပြေစေရေး ကျေးရွာအစီအစဉ်ဖြင့် ဆောင် ရွက်လျက်ရှိသည်။ အဆိုပါတံတားမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (CSR) ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား ၂၂ ပေ၊ အမြင့် ၈ ပေ၊ အကျယ် ၁၄ ပေရှိ ကွန်ကရစ်တံတား ဖြစ်ကြောင်း သိရသည်။
Ref ; MRTV

0 comments:

Post a Comment