Wednesday, August 26, 2020

အမေရိကန်မှာ လူမည်း အမျိုးသားတစ်ဦးကို ရဲက ပစ်ခတ်မှုဖြစ်ခဲ့ပြန်တာကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကာ အဆောက်အအုံနှင့် ကားများ မီးရှို့ခံရ

လူမည်းတစ်ဦးကို ရဲကသေနတ်နဲ့ပစ်လို့ ဒဏ်ရာရခဲ့မှုကြောင့်အမေရိကန်ပြည်ထောင်စုဝစ္စကွန်ဆင်ပြည်နယ် ကန်နိုရှာမြို့မှာ ဆူပူအုံကြွမှုတွေဆက်လက်ဖြစ်ပေါ်နေပြီး စီးပွားရေးခရိုင်တစ်ခုရှိ အဆောက်အအုံတွေ မီးရှို့ခံခဲ့ရပါတယ်။ သေနတ်နဲ့ ပစ်ခံရတဲ့ အမျိုးသားဟာ ယခုအခါ အကြောတွေဆိုင်းသွားကာ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သူ့ရဲ့ ရှေ့နေက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
အာဏာပိုင်တွေဟာ တတိယမြောက်ည ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်တဲ့အရေးအတွက် ထိန်းချုပ်ဖို့ပြင်ဆင်နေကြပါတယ်။ ဝစ္စကွန်ဆင်ပြည်နယ် အုပ်ချုပ်ရေးမှူး တိုနီအဲဗားစ်က အရေးပေါ် အခြေအနေကြေညာခဲ့ကာ တရားဥပဒေစိုးမိုးမှုပြန်ရရေးအတွက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ယင်းသို့ရှိစဉ် သေနတ်ပစ်ခံရတဲ့ လူမည်းအမျိုးသား ဂျက်ကော့ ဘလိခ် ဂျေအာရဲ့ မိခင်က အေး ချမ်းစွာဖြေရှင်းကြဖို့ လူသိရှင်ကြား မေတ္တာရပ်ခံခဲ့ပါတယ်။
ကလေး ၆ ဦးရဲ့ဖခင် ဘလိခ်နောက်ကို သေနတ်တွေကိုင်ရင်း လိုက်လာတဲ့ ရဲတွေဟာ ဘလိခ် သူ့ကားတံခါးကို ဆွဲဖွင့်ချိန်မှာ နောက်ကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ယင်းသို့ပစ်ခတ်ချိန်က ကားထဲမှာ ဘလိခ်ရဲ့ အသက် ၃ နှစ်၊ ၅ နှစ်၊ ၈ နှစ်အရွယ် သားငယ်သုံးဦးရှိနေခဲ့ပြီး ကလေးတွေရှေ့မှာပဲ ဖခင်ဖြစ်သူ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း နိုင်ငံသားအခွင့်အရေးရှေ့နေ ဘန်ခရမ့်က ပြောဆိုပါတယ်။
အခင်းဖြစ်စဉ်ကို လမ်းသွားလမ်းလာတစ်ဦးက ဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပြီး ယင်းဗီဒီယိုဟာ အွန်လိုင်းပေါ် တမုဟုတ်ချင်းပျံ့နှံ့သွားကာ ဒေါသအမျက်ထွက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဟာ အာဖရိကန်ဖွား အမေရိကန်တွေအပေါ် ရဲတပ်ဖွဲ့က သေစေလောက်တဲ့အထိ အင်အားသုံးခွဲခြားဆက်ဆံမှုဖြစ်စဉ်တွေရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ ဖြစ်ရပ်တစ်ခုပါ။
ဘလိခ်ဟာ စကားများရန်ဖြစ်နေတဲ့ အမျိုးသမီးနှစ်ဦးအကြား ဖျန်ဖြေဖို့ကြိုးစားခဲ့တာဖြစ်ပြီး သူ့နောက်လိုက်လာတွေရဲတွေထဲက တစ်ဦးက ဘလိခ်ကို သေနတ်နဲ့ ၇ ချက်အထိပစ်ခဲ့ကာ လေးချက်ထိမှန်ခံခဲ့ရကြောင်း သူ့မှာ သေနတ်ရှိနေတဲ့ဆိုတဲ့ အခြေအနေမျိုးလည်းမဟုတ်ခဲ့ကြောင်း ရှေ့နေဖြစ်သူ ခရမ့်က ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ ဘလိခ်ကို ပစ်ခတ်ရခြင်းနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုခြင်း မရှိသေးပါဘူး။
သားဖြစ်သူ ယင်းသို့ပစ်ခတ်ခံခဲ့ရမှုအတွက် မချိတင်ကဲ ခံစားရကြောင်း ယင်းနေ့အနှောင်းပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘလိခ်ရဲ့ မိဘတွေက ထုတ်ဖော်ပြောဆိုခဲ့စဉ် အာဏာပိုင်တွေရဲ့ တားမြစ်ချက်တွေကို ဖီဆန်တဲ့ လမ်းပေါ်ဆန္ဒပြမှုတွေဟာ လက်သရမ်းဖျက်ဆီးမှုတွေ၊ ကားတွေ၊ အဆောက်အအုံတွေ မီးရှို့ခံခဲ့ရမှုတွေနဲ့ နှစ်ညမြောက် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment