Tuesday, August 18, 2020

မြောက်ကိုရီးယားနိုင်ငံတွင် နျူကလီးယားဗုံး အလုံး ၆၀ နှင့် ဓာတုလက်နက် တန်ချိန် ပေါင်း ၅,၀၀၀ အထိရှိပြီး မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းတို့အား စွန့်လွှတ်မည် မဟုတ်ကြောင်း အမေရိကန်စစ်တပ်မှ ပြောကြား

မြောက်ကိုရီးယားနိုင်ငံတွင် နျူကလီးယားဗုံး အလုံး ၆၀ နှင့် ဓာတုလက်နက် တန်ချိန်ပေါင်း ၅,၀၀၀ အထိရှိကြောင်း အမေရိကန်စစ်တပ်၏ အစီရင်ခံစာတစ်ခုမှ ဖော်ပြခဲ့ပါသည်။
“မြောက်ကိုရီးယား နည်းဗျူဟာများ” ခေါင်းစဉ်ဖြင့် လွန်ခဲ့သောလက ထုတ်ဝေ ခဲ့သော အစီရင်ခံစာတွင် အမေရိကန်စစ်တပ်မှ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် သိုလှောင်ထားသော ပစ္စည်းများကို စွန့်လွှတ်ရန်အလားအလာမရှိကြောင်းနှင့် အစိုးရ စနစ်ပြောင်းလဲရန် ကြိုးပမ်းနေသော နိုင်ငံများအတွက် အဟန့်အတားအဖြစ် ၎င်းတို့အား အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် နှစ်စဉ်လက်နက်ကိရိယာ အသစ် ၆ ခု ထုတ်လုပ် နိုင်ပြီး ခန့်မှန်းခြေအားဖြင့် နျူကလီးယားဗုံး အလုံး ၂၀ မှ ၆၀ အထိရှိမည်ဖြစ် ကြောင်းနှင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် နျူကလီးယားဗုံး ၁၀၀ အထိ ရှိလာနိုင်ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။
မြောက်ကိုရီးယားခေါင်းဆောင်များအနေဖြင့် အခြားသောနိုင်ငံများ၏ အစိုးရ စနစ်ပြောင်းလဲခြင်းကို နျူကလီးယားခြိမ်းခြောက်မှုဖြင့် တားဆီးနိုင်မည်ဟု ယူဆသည့် အတွက် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားလက်နက်များ ရှာဖွေခဲ့ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။
ကင်ဂျုံအန်အစိုးရအနေဖြင့် anthrax ပါရှိသည့် ဒုံးကျည်တစ်ခုအား ဆိုးလ်မြို့သို့ ပစ်လွှတ်ခဲ့ပါက anthrax ၁ ကီလိုဂရမ် (၂.၂ ပေါင်) သည် လူ ၅၀,၀၀၀ ကို သေစေ နိုင်သည့်အတွက် အမေရိကန်နိုင်ငံမှ စိုးရိမ်ပူပန်လျက်ရှိပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပတွင်‌ အခြေပြုနေထိုင်သည့် ဟက်ကာ ၆,၀၀၀ ကျော်အား စီမံခန့်ခွဲခဲ့ပြီး ၎င်း၏ ဆိုက်ဘာစစ်ဆင်ရေးစွမ်းရည်များ တိုးတက် ‌ရန် ဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် ထိုးဖောက်ဝင်ရောက်နိုင်သော ကွန်ပျူတာစစ်ဆင်ရေး လုပ်ဆောင်မှုများကို ၎င်း၏ ကိုယ်ပိုင်လုံခြုံရေးနယ်ပယ်မှ အောင်မြင်စွာဆောင်ရွက် နိုင်ကြောင်း၊ ၎င်းသည် ကမ္ဘာပေါ်ရှိ အင်တာနက်ချိတ်ဆက်နိုင်သည့် မည်သည့်နေရာ တွင်မဆို ပစ်မှတ်ထားသည့်ကွန်ပျူတာများထံသို့ ရောက်ရှိရန် ဖြန့်ဝေနိုင်ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ပဲ့ထိန်းဒုံးကျည်များတွင် တပ်ဆင်နိုင်မည့် သေးငယ်သော နျူကလီးယားထိပ်ဖူးများကို တီထွင်ခဲ့ကြောင်း ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာအရ သိရှိရပါသည်။
ဩဂုတ်လ အစောပိုင်းတွင် နိုင်ငံအများအပြားရှိ လုံခြုံရေးဌာနများမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား မြောက်ကိုရီးယားနိုင်ငံသည် အလားအလာရှိသော တာဝေးပစ် နျူကလီးယားလက်နက်များတီထွင်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။
အစီရင်ခံစာတွင် အမည်ဖော်ပြထားခြင်းမရှိသော နိုင်ငံများမှ မြောက်ကိုရီးယား နိုင်ငံသည် သမ္မတဒေါ်နယ်ထရန့်နှင့်ပြုလုပ်ခဲ့သော နျူကလီးယားဆွေးနွေးပွဲများတွင် သဘောတူထားသည့် စမ်းသပ်မှုများကိုရပ်တန့်ထားသော်လည်း ၎င်း၏ နျူကလီးယား စွမ်းရည်များကို ဆက်လက်တိုးမြှင့်နေကြောင်း ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာ၏ သံသယဖြစ်မှုများရှိနေသော်လည်း “The Bomb” အတွက် ၎င်း၏ ပြိုင်ပွဲပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၇ ခုနှစ်မှ စ၍ နျူကလီးယားလက်နက် သို့မဟုတ် တာဝေးပစ် ဒုံးကျည်များအား စမ်းသပ်ခဲ့ခြင်း မရှိပါ။
ထိုနှစ်တွင် ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံတစ်ဝန်းလုံးအထိ ရောက်ရှိနိုင် သည့် Hwasong-15 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အား စတင်ပစ်လွှတ်ခဲ့ပါသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ မြေအောက်စမ်းသပ်ခန်းတွင် အလွန် အားပြင်းသည့် အဏုမြူဗုံးတစ်လုံးအား စမ်းသပ်ခဲ့သည်ဟု ယူဆရပါသည်။
ကျွမ်းကျင်ပညာရှင်များမှ ကင်ဂျုံအန်သည် ဒုံးကျည်များတွင် တပ်ဆင်နိုင်မည့် အသေးစားဗုံးကိုသာ လိုအပ်ကြောင်းနှင့် အမေရိကန်နိုင်ငံအား ခြိမ်းခြောက်နိုင်ရန် ပစ်မှတ်အားအတိအကျပစ်ခတ်နိုင်မည့် နည်းပညာကို တီထွင်ခဲ့ကြောင်း ပြောကြားခဲ့ ပါသည်။
Source : Mail Online
“North Korea has up to SIXTY nuclear bombs and 5,000 tons of chemical weapons – and is not going to give them up, US military report says”

0 comments:

Post a Comment