Wednesday, August 19, 2020

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူမှ တာဝန်ပေးပါက ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူ့အကျိုးစီးပွားကိုကာကွယ်ပြီး အလုပ်အကျွေးပြုနိုင်သည့် ကတိပေးနိုင်ကြောင်း ဒေါက်တာနန္ဒာလှမြင့်ပြောကြား


ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူမှ တာဝန်ပေးလာပါက ပြည်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးကာ ပြည်သူများကို အလုပ်အကျွေးပြုနိုင်သည့် ကတိပေးနိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုလိုက်သည်။
သြဂုတ်လ ၁၈ ရက်နေ့က နေပြည်တော် ဌာနချုပ်တွင်ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာတစ်ခုမှ ပြည်ခိုင်ဖြိုးပါတီအစိုးရဖွဲ့နိုင်ပါက ဆောင်ရွက်မည့်ပါတီ၏ မျှော်မှန်းချက်အပေါ် မေးမြန်းမှုနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လက်ရှိအစိုးရလက်ထက်မှာလည်း ပြည်သူ့အကျိုးစီးပွားထိခိုက်နိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က အတိုက်အခံပါတီအနေနဲ့ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန်ဝေဖန်တာတွေ ရှိတယ် ထောက်ပြတာတွေ ရှိတယ် အကြံပြုတာတွေရှိတယ် ကျွန်တော်တို့ကိုသာ ပြည်သူက တာဝန် ပေးလာခဲ့လို့ရှိရင်လည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူတွေ ဘဝပြောင်းလဲဖို့အတွက် အလုပ်အကျွေးပြုနိုင်တယ်ဆိုတာ ကို ရဲရဲဝ့ံ့ဝံ့ ကတိပေးနိုင်ပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။
လက်ရှိ ပြည်ခိုင်ဖြိုးပါတီမှာ ပြည်ထောင်စုအဆင့် ပါတီတစ်ခုဖြစ်သည့်အပြင် အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းနိုင်သည့် အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ ပါရှိသည့်အတွက် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ပါက စီးပွားရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ အချုပ်အခြားအာဏာ မထိခိုက်စေရေးကဏ္ဍ၊ ပြည်သူများ၏ကျန်းမာရေး၊ ပညာရေး ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်မှုများလုပ်ဆောင်ထားကြောင်း ၎င်းက ပြောဆိုသည်။
ဒါ့အပြင် ပြည်သူများအနေဖြင့် လက်ရှိ အစိုးရနှင့် ယခင်အစိုးရ နှစ်ရပ်ကို နှိုင်းယှဉ်ကာ မည်သည့်အစိုးရလက်ထက်တွင် ပိုမိုကောင်းမွန်စွာ နေထိုင်ခဲ့ရသည်ကို စဉ်းစားဆုံးဖြတ်နိုင်သည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဘယ်သူတွေက ပြည်သူတွေဗိုက်ဝအောင် စီးပွားရေးကောင်မွန်အောင်လုပ်ပေးခဲ့တယ်၊ ပြည်သူတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွင်နဲ့ ဘယ်ကာလမှာနေခဲ့ရတယ်၊ အကြွေးအမြီကင်းကင်းနဲ့ ဘယ်ကာလမှာနေခဲ့ရတယ် ပြောတဲ့အတိုင်းလက်တွေ့ဘယ်အစိုးရက အကောင်အထည်ဖော်ပေးခဲ့သလဲဆိုတာ ပြည်သူတွေ စဉ်းစားဆုံးဖြတ်နိုင်တယ်လို့ ကျွန်တော်တို့ယုံကြည်တယ်”ဟု ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၀၃ ခုမှ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒေါက်တာဘွဲ့ရနှင့် အခြားဒီပလိုမာဘွဲ့ရရှိထားသူ ၈၈၇ ဦး ပါဝင်မှာဖြစ်ကြောင်း သိရသည်။

Crd : Competitor

0 comments:

Post a Comment