Tuesday, August 11, 2020

တောင်ကိုရီးယားနိုင်ငံ ရေကြီးမှုမှာ အိမ်ခေါင်မိုးပေါ် သောင်တင်နေတဲ့ နွားတွေတွေ့ရှိ

တောင်ကိုရီးယားနိုင်ငံမှာ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကြောင့် ဒါဇင်များစွာသော နွားတွေ အိမ်ခေါင်မိုးတွေပေါ်မှာ သောင်တင်နေကြပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေဟာလည်း ၎င်းနဲ့ပတ်သတ်တဲ့ များစွာသောပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
နိုင်ငံတောင်ပိုင်းရှိ လယ်ယာစိုက်ပျိုးရေးမြို့ဖြစ်တဲ့ Gurye မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြစ်ရေတက်လာတာကြောင့် နွားတွေဟာ မြစ်ရေမှ ကင်းလွတ်ရာကို တိမ်းရှောင်ရင်း များစွာသော အိမ်ခေါင်မိုးတွေနဲ့ အဆောက် အဦးတွေပေါ်မှာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ သောင်တင်နေကြပါတယ်။ ဓာတ်ပုံတစ်ခုမှာတော့ နွား ၉ ကောင်လောက်ဟာ အိမ်ခေါင်မိုးတစ်ခုပေါ်မှာ သောင်တင်နေပြီး ရန်လိုခြင်းမရှိတဲ့ပုံပေါ်နေပါတယ်။ နွားတွေဟာ ရေတက်လာချိန်မှာ ရေဘေးလွတ်ရာကို ကူးခတ်ရင်း အိမ်ခေါင်မိုးတွေပေါ် ရောက်ရှိခဲ့ကြောင်း၊ မြစ်ရေကျသွားချိန်မှာလည်း ခေါင်မိုးပေါ်မှာပဲ ရှိနေခဲ့ကြကြောင်း ဒေသခံတစ်ဦးက JTBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ခေါင်မိုးတွေပေါ်က နွားတွေကို ကရိန်းနဲ့ မြေပြင်ပေါ်တစ်ကောင်ချင်းစီ ဆွဲချကြရပြီး ယင်းနွားတွေမှာ အဆုတ်ရောင်ရောဂါလက္ခဏာတွေ တွေ့ရှိရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။ သီတင်းပတ်များစွာကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကိုရီးယားနိုင်ငံမှာ အပြင်းထန်ဆုံး ရေလွှမ်းမိုးမှု ဖြစ်ပွားနေပြီး အနည်းဆုံး လူ ၃၀ ထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Ref ; AKon Thi

0 comments:

Post a Comment