Tuesday, August 11, 2020

နယ်စပ်မှာ ကိုဗစ်ရောဂါကင်းစင်တဲ့ မြန်မာယာဉ်မောင်း ၂၀၀ ထားပေးဖို့ တရုတ်တောင်းဆို

တရုတ်နိုင်ငံနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုံမှာ COVID-19 ကပ်ရောဂါ ကင်းရှင်းတဲ့ မြန်မာယာဉ်မောင်း ၂၀၀ လောက် သီးသန့်စီစဉ်ထားပေးဖို့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကို ညှိနှိုင်းနေတဲ့အကြောင်း ကိုဇော်ထက်ပြောပြပါမယ်။
ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့ ၂ နိုင်ငံ နယ်စပ်မှာ မြန်မာနိုင်ငံဘက်ကကုန်တင်ကားတွေ တရုတ်နိုင်ငံထဲ ဝင်ခွင့်ရရေး ယူနန်ပြည်နယ် အာဏာပိုင်တွေနဲ့ ညှိနှိုင်းရာမှာ မြန်မာယာဉ်မောင်း ၂၀၀ သီးသန့်ထားဖို့ တရုတ်နိုင်ငံဘက်က ပြောဆိုလိုက်တာပါ။
လတ်တလော အချိန်အထိကတော့ ယူနန်ပြည်နယ်ထဲ ကုန်တင်ပို့ရာမှာ မြန်မာယာဉ်မောင်းတွေ ကိုယ်တိုင်မောင်းပြီး ဝင်ခွင့်မရတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမှာ ကြန့်ကြာမှုတွေ ကြုံနေရပါတယ်။ ကန့်သတ်ချက်တွေကြောင့် တရုတ်နိုင်ငံထဲ ကုန်တင်ပို့နေတဲ့ ကားစင်းရေ ထက်ဝက်လောက် လျော့သွားတယ် လို့လည်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပါတယ်။
“ ဒီဘက်က ကားအစီး ၅၀၀ ကျော်၊ ၆၀၀ ကျော်တက်တဲ့အခါကျတော့ ကျန်တဲ့ ၃၀၀ လောက်က နေ့တိုင်း ပိုလာတာပေါ့။ အဲဒါကျနော်တို့က နယ်စပ်မှာ ညှိတယ်ဗျ။ ဆက်တိုက်ညှိနေတာပေါ့နော်။ အခုထိတော့ အဆင်မပြေသေးဘူး၊ အဓိကတော့ ဘာလဲဆိုတော့ သူတို့က ကျနော်တို့ဘက်က ရောဂါပိုး ကင်းစင်တဲ့ driver ၂၀၀ လောက်ရှာပေးပေါ့၊ ရှာပေးပြီးတော့ အဲဒီလူတွေနဲ့ အဝင်အထွက် လုပ်လို့ပြောတယ်။ ကျနော်တို့ဘက်က အဲဒီ ဒေသခံ ၂၀၀ လောက်ရှာဖို့ဆိုတာ အတော်ခက်တယ်။ သူတို့ စားဝတ်နေရေး စရိတ်၊ ဘယ်နားထားမှာလဲ၊ ကျန်းမာရေးအရ ဘယ်လောက်စစ်ပေးမှာလဲ၊ ဘယ်လိုစစ်မှာလဲ အများကြီးပေါ့နော်၊ ညှိနေကြတာပေါ့။ အဲဒီဟာ ပြေလည်သွားရင်တော့ ကုန်က ဒီထက် တိုးလာမှာ။”
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ထပ်မတွေ့တော့ပေမဲ့ ကြိုတင်သတိထားတဲ့ အနေနဲ့ ဆက်လက် ကန့်သတ်ထားတာ လို့လည်း ညွှန်ကြားရေးမှူး ဦးမျိုးသူကပြောပါတယ်။
၂ နိုင်ငံ အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်မှာ အသွားအလာ အဝင်အထွက်တွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက ကန့်သတ်ထားတာ ဖြစ်ပါတယ်။ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ကတော့ ကုန်စည် စီးဆင်းမှုတွေကို လိုအပ်တာထက် ပိုပြီးကန့်သတ်တာမျိုး မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။
“တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာကျတော့ သိပ်ပြီးလိုက်လျောလို့တော့မရဘူး သူတို့က နည်းနည်း တဖက်သတ် ဆန်တယ်လေနော်၊ အရောင်းအဝယ် ကုန်သွယ်မှုဆိုတာ နှစ်ဘက်လုံးမျှပြီးတော့ ညီမျှ နေမှရမှာ။ တဖက်တည်းနဲ့ပဲ ဒါဒီလိုတောင်းဆိုတယ်၊ နောက်ပြီးတော့ ယာဉ်မောင်းအစားထိုးစနစ်ကို နည်းနည်းသက်ဆိုးရှည်စေချင်တယ်၊ နောက် COVID ကာလ ကုန်သွယ်မှုကိုလည်း မလိုအပ်ဘဲနဲ့ အကျယ်ချဲ့ချင်တယ်၊ အဲလိုမျိုး ပုံစံမျိုးကျတော့ မကောင်းဘူးပေါ့။ အခုက ပုံမှန်ကုန်သွယ်ရေးစနစ်ကိုပဲ အမြန်ဆုံး ရောက်တာ အကောင်းဆုံးပေါ့ နှစ်နိုင်ငံ။”
မြန်မာတနိုင်ငံလုံးက နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုမှာ မူဆယ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှု အများဆုံးဖြစ်ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၉၀၀ ကျော်ရှိခဲ့ပေမဲ့ ကပ်ရောဂါကာလမှာ သန်း ၃၀ ကျော်လောက် ကျဆင်းသွားတယ် လို့လည်း ကုန်သွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်း တမူးခရိုင် မြန်မာ- အိန္ဒိယနယ်စပ်ကို အိန္ဒိယဘက်က မတ်လ ၁၀ရက်ကတည်းက ပိတ်ထားပြီး တရုတ်နဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာလည်း ကန့်သတ်ချက်တွေနဲ့ လျှော့ချထားရပါတယ်။
Ref ;VOA

0 comments:

Post a Comment