Thursday, August 13, 2020

၂၀၂၀ရွေးကောက်ပွဲအတွက် ကြံခိုင်ရေးပါတီသို့ တပ်မတော်အဆင့်မြင့်အရာရှိများထဲမှ အငြိမ်းစားယူကာရွေးကောက်ပွဲဝင်သူတစ်ဦးမျှမရှိ

တပ်မတော်မှ အငြိမ်းစားယူပြီး လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အဆင့်မြင့်အရာရှိတစ်ဦးမျှ မရှိကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်မှ အဆင့်မြင့်အရာရှိ အများအပြား အငြိမ်းစားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုရွေး ကောက်ပွဲဝင်ပြိုင်ခဲ့သည်။ ယခုနှစ်တွင် ယင်းသို့ အငြိမ်းစားယူပြီး ရွေးကောက်ပွဲဝင်ပြိုင်မည့် တပ်မတော်အရာရှိများ ရှိ၊ မရှိ မေးမြန်းရာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားသည်။
‘‘တပ်မတော်က အဆင့်မြင့်အရာရှိကြီးများအနေနဲ့ သွားရောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှုမရှိဘူးဆိုတာ ပြောပြီးသားပါ။ ဒါကလည်း တပ်မတော်အနေနဲ့က ကျွန်တော်တို့ဦးတည်နေတာသည် အမျိုးသားနိုင်ငံရေးကို ဦး တည်နေတာဖြစ်တယ်။ အမျိုးသားနိုင်ငံရေးဖြစ်တဲ့ တို့တာဝန် အရေးသုံးပါးကို ဦးတည်ပြီး ဆောင်ရွက်နေတာဖြစ်တယ်’’ ဟု ၎င်းက ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက် ဆွေ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ် ချုပ်ကြီးလှဌေးဝင်းနှင့် ကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အပါအဝင် တပ်မတော်ထိပ်တန်းအရာရှိ ၅၉ ဦးသည် ရွေးကောက်ပွဲဝင်ပြိုင်ရန် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။
ထိုသို့ အငြိမ်းစားယူပြီးပါတီ နိုင်ငံရေးလုပ်ဆောင်ခွင့်ရှိသော်လည်း တပ်မတော်သား မိသားစု ဝင်ဖြစ်ပါက လုပ်ဆောင်၍ မရကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ရွေးကောက်ပွဲဝင် ပြိုင်မည့် တပ်မတော်အငြိမ်းစား ဗိုလ်ကြီး ဒေါ်အေမီဇင်ဝင်းကို ဥပမာပေးပြောကြားသည်။ ဒေါ် အေမီဇင်ဝင်းသည် PPP ကိုယ်စားပြုဝင်ပြိုင်ရန် စီစဉ်ထားပြီးမှ ကိုယ်စားလှယ်လောင်း လျှောက် လွှာ ပြန်လည်ရုပ်သိမ်းခဲ့ရသူဖြစ် သည်။
‘‘သူ (အငြိမ်းစားဗိုလ်ကြီး ဒေါ်အေမီဇင်ဝင်း)အငြိမ်းစားယူ ပြီး လုပ်လို့ရတယ်။ သို့သော် သူ့ အမျိုးသားသည် အခုလက်ရှိ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေ တဲ့ စစ်မှုထမ်းဖြစ်တယ်။ စစ်မှုထမ်းဖြစ်တဲ့အတွက် တပ်ထဲမှာပဲ နေနေတာပဲ။ အဲဒီလို နေနေလျက် သားနဲ့၊ သူ့ယောက်ျားက စစ်မှုထမ်းနေဆဲဖြစ်လျက်သားနဲ့ လုပ်လို့မရဘူး။ သူက မိသားစုဝင် မဟုတ်တော့ဘူး။ သူ့ယောက်ျားလည်း အငြိမ်းစားယူပြီးဆိုရင် ဒါက ကျွန်တော်တို့အနေနဲ့ ဒါဘာမှ ပြောစရာ အကြောင်းမရှိဘူး’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
Crd : 7days

0 comments:

Post a Comment