Friday, August 21, 2020

ကိုဗစ်ကာလအတွင်း ကရင်ပြည်နယ်တွင် ဇွဲကပင်တောင်အပါအဝင် အထင်ကရနေရာ (၉)ခုသို့ သွားရောက်လည်ပတ်ခွင့်ပြုထား

ကိုဗစ်ကာလအတွင်း ကရင်ပြည်နယ်မှာ ဇွဲကပင်တောင်အပါအဝင် အထင်ကရနေရာ (၉)ခုသို့ သွားရောက်လည်ပတ်ခွင့်ပြုထားတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
ပြည်တွင်းခရီးသွားများအနေနဲ့ ကရင်ပြည်နယ်ရှိ ဆန္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကျောက်ကလာဘ်စေတီ၊ ကော့ကသောင်ဂူ၊ ရွှေယဉ်မျှော်စေတီ၊ ဘုရင့်ညီနောင်ဂူ၊ တောင်ဝိုင်းတောင်နဲ့ ဇွဲကပင်တောင်(လုမ္မနီဥယျာဉ်) တို့ကို သွားရောက် လည်ပတ်နိုင်တယ်လို့ သိရပါတယ်။ ထို့အတူ မြဝတီမြို့ အနီးတဝိုက်သို့လည်း သွား ရောက်လည်ပတ်နိုင်ပြီး မဲဆောက်သို့ သွားရောက်လည်ပတ်ခွင့်ကိုတော့ ခွင့်မပြုသေးကြောင်း သိရပါတယ်။
"ကျွန်တော်တို့ဆီမှာ ဘယ်နေရာမှ ပိတ်ပင်ထားတာမရှိပါဘူး။ ကျွန်တော်တို့ဆီကို လာတာကလည်း ရွှေတိဂုံဘုရားတို့လိုမျိုး လူအများကြီးလာတာမဟုတ်ဘူး။ တစ်ဖွဲ့ခြင်း ၄ ယောက် ၅ယောက်လောက် လာကြတာ။ ကျွန်တော်တို့ဆီက ဟိုတယ်တွေ စားသောက်ဆိုင်တွေကလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းကမ်းတွေကို မလျော့ထားပါဘူး။" လို့ ဘားအံမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က Myanma Platform Media ကို ပြောပါတယ်။
ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်လိုတဲ့ ပြည်တွင်းခရီးသွားတွေအတွက် ဟိုတယ်နဲ့ တည်းခိုရိပ်သာများအနေနဲ့ ဘားအံမြို့နယ်မှာ (၃၀)လုံး၊ မြဝတီမြို့နယ်မှာ (၁၄)လုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ (၁)လုံး၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းဝင် စားသောက်ဆိုင်(၄၁)ဆိုင်တို့ကို ဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။

Ref ; MyanmaPlatform

0 comments:

Post a Comment