Thursday, August 13, 2020

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ၅ နိုင်ငံသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး လာရောက်ရန်ရှိ

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆု မိုတေးဂီဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းနဲ့ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ဂျပန်-မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန် မျှဝေရေးအတွက် ဆွေးနွေးဖို့ လာမယ့် ဩဂုတ်လ ၂၀-၂၅ ရက်အတွင်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ၅ နိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့ကြား စင်ကာပူနဲ့ မလေးရှားကို သွားရောက်မှာ ဖြစ်ပြီး အဲဒီနောက် ဩဂုတ်လ ၂၀ ရက်နေ့က ၂၅ ရက်အတွင်း ပါပူဝါ နယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့မှာတော့ ဗီယင်ကျင်းကနေ ထွက်ခွာပြီး နေပြည်တော်ကို ရောက်ရှိမယ်လို့ သိရပါတယ်။
ခုလာရောက်မယ့် ခရီးစဉ်အတွင်း ဗိုင်းရပ်စ် ရောဂါအပါအဝင် တရုတ်ပိုင်နက်တောင်းဆိုမှုတွေကြောင့် တင်းမာမှု ကြီးထွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အခြေအနေတွေလည်း ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ရောက်ရှိတဲ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်ပြီး ပွင့်လင်းတဲ့ အမြင်တွေကိုမျှဝေမှာ ဖြစ်ကြောင်း ဂျပန်အစိုးရ ဝန်ကြီးဌာနကထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ သုံးနိုင်ငံမှာ ဝန်ကြီး မိုတေးဂီက နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး ပြန်လည် စတင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှု၊ COVID-19 ကူးစက်ရောဂါ ပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားဖို့၊ အမျိုးသား ကျန်းမာရေးစနစ် ခိုင်မာစေရေး တည်ဆောက်သွားဖို့ စတဲ့ အမြင်တွေကို ဖလှယ်သွားဖို့ စီစဉ်ထားပါတယ်။
စင်ကာပူနိုင်ငံမှာတော့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက စင်ကာပူဝန်ကြီးချုပ် လီရှင်းလွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
လာမယ့် ခရီးစဉ်တွေအတွက် ဝန်ကြီး မိုတေးဂီက လိုက်ပါမယ့် အရာရှိအရေအတွက်ကို ကန့်သတ်သွားမှာ ဖြစ်ပြီး ဂျပန်နိုင်ငံက ထွက်ခွာတဲ့အချိန်နဲ့ ပြန်လည် ရောက်ရှိလာတဲ့အချိန်မှာလည်း ဗိုင်းရပ်စ်စစ်ဆေးမှု အသေးစိတ်ခံယူမယ်လို့လည်း သိရပါတယ်။
Crd : MyanmaPlatform

0 comments:

Post a Comment