Thursday, August 13, 2020

အမေရိကန်နိုင်ငံနှင့်အစ္စရေး တို့မှ Arrow 2 ဒုံးကျည်ကာကွယ်ရေးစနစ်အား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

ဩဂုတ်လ ၁၂ ရက်နေ့တွင် အစ္စရေးနှင့်အမေရိကန်နိုင်ငံတို့သည် အစ္စရေးနိုင်ငံ၌ အဆင့်မြင့် Arrow 2 ဒုံးကျည်ကာကွယ်ရေးစနစ်အား အောင်မြင်စွာစမ်းသပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါစနစ်သည် ဒုံးကျည်ထိပ်ဖူးတစ်ခုတင်ဆောင်ထားသော မြေပြင်ပစ်တာဝေး ဒုံးကျည်အဖြစ် တုပထားသည့် ပစ်မှတ်ဒုံးကျည်ကို အောင်မြင်စွာကြားဖြတ် ဟန့်တားနိုင် ပါသည်။
အဆိုပါ စမ်းသပ်မှုအား ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးဦးစီးဌာန (MAFAT)၊ လေတပ်နှင့် အမေရိကန်ဒုံးကျည်ကာကွယ်ရေးအေဂျင်စီ တို့မှ ပြုလုပ်ခဲ့ပါသည်။ အဆိုပါစမ်းသပ်မှုအား အစ္စရေး နိုင်ငံအလယ်ပိုင်းတွင် အစ္စရေး လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီများ၏ အကူအညီဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းက ဆောင်ရွက်ခဲ့ပါသည်။
အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Benny Gantz မှ စမ်းသပ်မှုနှင့်ပတ်သက်၍ “မိမိတို့၏ အဆင့်မြင့်နည်းပညာများသည် မိမိတို့၏ ရန်သူများထက် အမြဲသာလွန်နေ မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အစ္စရေးနိုင်ငံ၏ ဝေဟင်ပိုင်နက်အား ခြိမ်းခြောက်မှု များမှ ကာကွယ်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
လက်ရှိနှင့်အနာဂတ်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် စမ်းသပ်မှုအတွင်း Arrow စနစ်၏ အဆင့်မြှင့်ထားသည့် စွမ်းရည်များကိုအတည်ပြုခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
၂၀၀၀ ပြည့်နှစ် မတ်လတွင် Arrow 2 အား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ ပါသည်။ ၎င်း၏ ပထမဆုံးလုပ်ဆောင်မှုသည် ၂၀၁၇ ခုနှစ်၊ မတ်လက အစ္စရေးလေယာဉ် များအား ပစ်ခတ်ခဲ့သည့် ဆီးရီးယားနိုင်ငံ၏ မြေပြင်ဝေဟင်ပစ်ဒုံးကျည်အား တိုက်ဖျက်ခဲ့ ခြင်းဖြစ်ပါသည်။ ဒုံးကျည်၏ ကုန်ကျစရိတ်သည် NIS ၃ သန်း နီးပါး (ဒေါ်လာ ၈၂၇,၀၀၀) ရှိကြောင်း အစီရင်ခံစာများမှ ဖော်ပြခဲ့ပါသည်။
လွန်ခဲ့သောနှစ်တွင် အစ္စရေးနှင့်အမေရိကန်နိုင်ငံသည် Arrow နှင့် Arrow 2 ထက် ပိုမိုအဆင့်မြင့်သော Arrow 3 စနစ်အား အောင်မြင်စွာစမ်းသပ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလတွင် Arrow 3 အား စတင်အသုံးပြုကြောင်း ကြေညာခဲ့ပြီး ၎င်းအား အစ္စရေး နိုင်ငံ၏ အဆင့်အမြင့်ဆုံး ဒုံးကျည်ကာကွယ်ရေးကွန်ယက်အတွက် အသုံးပြုပါသည်။
အစ္စရေး-အမေရိကန်ပူးတွဲအစီအစဉ်တွင် တီထွင်ခဲ့သည့် အဆိုပါစနစ်သည် လေထုအပြင်ဘက်ရှိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များအားပစ်ချရန် ဖန်တီးထုတ်လုပ် ထားပါသည်။
အစ္စရေးနိုင်ငံ၏ အဆင့်များစွာပါရှိသည့် ဒုံးကျည်ကာကွယ်ရေးစနစ်၏ အနိမ့်ဆုံး အလွှာသည် Iron Dome ဖြစ်ပြီး တာတိုပစ်ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်ငယ်များ နှင့် ဂါဇာကမ်းမြှောင်ဒေသ သို့မဟုတ် လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှ အစ္စရေးနိုင်ငံသို့ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များအား ပစ်ချနိုင်ပါသည်။
ဒုံးကျည်ကာကွယ်ရေးစနစ်၏ ကြားအဆင့်မှာ David’ Sling စနစ်ဖြစ်ပြီး တာလတ်ပစ် ကျည်ဖူးများအား ပစ်ချနိုင်ပါသည်။
ဒုံးကျည်ကာကွယ်ရေးစနစ်များ အပြည့်အစုံတပ်ဆင်ထားသော်လည်း ၎င်းသည် hermetic seal တစ်ခု မဟုတ်ကြောင်းနှင့် အချို့ဒုံးကျည်များသည် ကာကွယ်မှုများကို ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးအရာရှိများမှ သတိပေးပြောကြားခဲ့ပါသည်။
Source : The Times of Israel
“Israel, US successfully test Arrow 2 missile defense system”

0 comments:

Post a Comment