Friday, August 7, 2020

တပ်မတော်နှင့် AAအကြမ်းဖက်သောင်းကျန်းသူတို့၏တိုက်ပွဲများကြောင့် ရခိုင်မြောက်ပိုင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်တွင် မဲစာရင်းမကပ်နိုင်

၂၀၁၈ ခုနှစ်မှစပြီး ရခိုင်မြောက်ပိုင်းတွင် AA သောင်းကျန်းသူများမှ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေတာကြောင့် လက်ရှိအချိန်တွင် မြို့နယ် ငါးခုက ကျေးရွာအုပ်စု ၁၅ ခုက ကျေးရွာပေါင်း ၃၆ ရွာမှာ မဲစာရင်းမကပ်နိုင်ခဲ့ဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ပြောသည်။
လုံခြုံရေးအခြေအနေအပါအဝင် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင် နေကြရတာတွေကြောင့် အဲဒီရွာတွေမှာ မဲစာရင်းမကပ်နိုင်တာဖြစ်ပြီး မဲဆန္ဒရှင်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ ကြည့်ရှုနိုင်တယ်လို့ သိရှိရသည်။
ကျေးရွာအုပ်စုတစ်ခုတည်းက တစ်စုတစည်းတည်း ထွက်ပြေးရောက်ရှိနေကြတဲ့ တိုက်ပွဲရှောင်ဒုက္ခသည်စခန်းတွေမှာ မဲစာရင်းကပ်နိုင်ပေမယ့် မြို့နယ်အသီးသီး၊ နေရာအသီးသီး ကနေ ပြန့်ကြဲရောက်ရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ကတော့ သူတို့ရဲ့မဲစာရင်းတွေကို မူလ မြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကြည့်ရှုနိုင်တယ်လို့လည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကပြောပါတယ်။
မဲစာရင်း မကြေညာနိုင်တဲ့ဒေသတွေကတော့ မြောက်ဦးမြို့နယ်က ဘုရားကြီး၊ ဘူးရွက်မညှိုး၊ ဝေသာလီ၊ ဘောင်းဒွတ်၊ ကျောက်တော်မြို့နယ်က မီးဝ၊ မွန်ထောင့်၊ ထောင့်ချေ၊ တင်းမ၊ မျောက်တောင်၊ မင်းပြားမြို့နယ်က အဝ၊ ဖုန်သာဝ၊ ဘူးသီးတောင်မြို့နယ်က သရက်ပြင်၊ စံဂိုးထောင်၊ စပါးထားနဲ့ အမ်းမြို့နယ်က ဒါးလက်အုပ်စုတို့ ဖြစ်တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင်ဦးရေ ဆယ့်ခြောက်သိန်းကျော်ရှိပြီး မနေ့က သြဂုတ်လ ၅ ရက်နေ့အထိ နေရာအသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့လျှောက်ထားသူ ၂၃၂ ဦးရှိတယ်လို့ သိရပါတယ်။
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်အဖြစ် မဲစာရင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ကနေ လာမယ့် သြဂုတ်လ ၇ ရက်နေ့အထိ ကြေညာပေးနေတာဖြစ်ပါတယ်။

0 comments:

Post a Comment