Monday, August 17, 2020

AA အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ကယ်တင်ပေးရန် နိုင်ငံတော်သမ္မတထံ အသနားခံ

AA အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသော ရဲတပ်ဖွဲ့ဝင်များကို အမြန်ဆုံးကယ်တင်ပေးနိုင်ရေးနှင့် တိကျမှန်ကန်သောသတင်း ထုတ်ပြန်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာနများထံတင်ပြမည်ဖြစ်ကြောင်း ဖမ်းဆီးခံရဲတပ်ဖွဲ့ဝင်တို့၏ မိသားစုများက ပြောဆိုသည်။
ဖမ်းဆီးခြင်းခံထားရသောရဲတပ်ဖွဲ့ဝင်များ အသက်ရှင်လျက်ရှိနေခြင်းရှိ၊မရှိကို အစိုးရက သတင်းထုတ်ပြန်ပေးစေလိုကြောင်း၊ ခင်ပွန်းဖြစ်သူ ရဲတပ်ဖွဲ့ဝင်များဖမ်းဆီးခံရသဖြင့် မိသားစုဝင်များအနေနှင့် စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း ရခိုင်ပြည်နယ် သဇင်မြိုင်ရဲစခန်းမှ တပ်သားအောင်ထွန်းသူ၏ဇနီး ဒေါ်ပြည့်ပြည့်ငြိမ်းကပြောကြားသည်။
စစ်ကိုင်းတိုင်း အင်းတော်ရဲစခန်းမှနေ၍ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ကဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးခံရပြီးနောက် မိသားစုကို ရဲချုပ်ရုံးက တစ်လလျှင်ကျပ်ရှစ်သောင်း၊ မူလတာဝန်ထမ်းဆောင်ခဲ့သည့် အင်းတော်းစခန်းမှကျပ်လေးသောင်း၊ မန္တလေးတိုင်းအစိုးရအဖွဲ့က ဆန်တစ်အိတ်၊ဆီငါးပိသာထောက်ပံ့ပေးခဲ့ကြောင်း ရွှေနဒီစက်လှေပေါ်တွင် ဖမ်း ဆီးခြင်းခံခဲ့ရသော ဒုရဲအုပ်ဇော်သူ၏ဇနီးဖြစ်သူ ဒေါ်သဲအိဇာကပြောကြားသည်။
“ကျွန်မတို့ကိုဖမ်းသွားတုန်းက သူတို့(AA)ပြောတာက အိမ်မှာကျန်းမာရေးကောင်းကောင်းနဲ့စောင့်နေဖို့၊ အ ထက်လူကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးရင် ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးမယ်ဆိုပြီးပြောသွားတာ”ဟု ခင်ပွန်းဖြစ်သူနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဒေါ်ရွှေစင်က ဖြည့်စွက်ပြောဆိုသည်။
လက်နက်ကိုင်အဖွဲ့၏ဖမ်းဆီးခြင်းခံရသော ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတာဝန်ထမ်းဆောင်နေစဉ်ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် နေ့မှစ၍ ယနေ့အချိန်အထိ မည်သည့်သတင်းမျှမကြားရသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်နေကြကြောင်း၊ ယင်းအပြင် ကျန်ရှိနေသည့် မိသားစုဝင်များ အနေဖြင့်လည်း ဆင်းရဲဒုက္ခမျိုးစုံခံစားနေရပြီး ခိုကိုးရာမဲ့ ဘဝရောက်နေကြောင်း၊ တပ်ဖွဲ့ဝင်များအနေနှင့် နိုင်ငံတာဝန်ကိုကျေ ပွန်စွာထမ်းဆောင်နေစဉ် ယခုကဲ့သို့ဖမ်းဆီးခြင်းခံရသည့်အပေါ် နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိလူ ကြီးမင်းများ အနေဖြင့် မိမိဝန်ထမ်းများအားပြန်လည်ကယ်တင်ပေးခြင်းနှင့် မိသားစုများထံ တိကျမှန်ကန်သောသတင်းထုတ်ပြန်ပေးရန်နှင့် ရဲတပ်ဖွဲ့ဝင်တို့၏မိသားစုဝင်များအား ကူညီထောက်ပံ့ပေးနိုင်ပါရန် နိုင်ငံ တော်အကြီးအကဲနှင့်တကွ တာဝန်ရှိလူကြီးမင်းများအားလုံး ကူညီဆောင်ရွက်ပေးရန်အသနားခံကြောင်း နိုင်ငံတော်သမ္မတထံတင်ပြသည့်စာတွင် ဖော်ပြထားသည်။
လက်နက်ကိုင်အဖွဲ့၏ဖမ်းဆီးခြင်းခံရသည့်ရဲတပ်ဖွဲ့ဝင်များ၏မိသားစုဝင်များက သြဂုတ်လ ၁၆ ရက်နေ့တွင် မန္တလေးမြို့ရှိ မီဒီယာစင်တာ၌ သတင်းစာရှင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။
Source - The Voice

0 comments:

Post a Comment