Tuesday, July 14, 2020

YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခပေး YPS ကတ်များ ဇူလိုင် ၁၆ ရက်တွင် စတင်ရောင်းချမည်ဖြစ်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဝိုင်ဘီအက်စ်ယာဉ် လိုင်းများအနက် ယာဉ်အစီးရေ ၅၉၇ စီးတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှု(Yangon Payment Services-YPS)ကို လာမည့် ဇူလိုင် ၂၁ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်၍ YPS ကတ်များရောင်းချမှုနှင့် ငွေဖြည့်သွင်းသည့်ဝန်ဆောင်မှု များကို ဇူလိုင် ၁၆ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း Asia Starmar Transport Intelligent Co.,Ltd မှ သိရသည်။
Asia Starmar Transport Intelligent Co.,Ltd အနေ ဖြင့် အများပြည်သူဆိုင်ရာ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် e-payment အတွက် တည်ဆောက်၊ ပိုင်ဆိုင်၊ ဆောင်ရွက်၊ လွှဲပြောင်းခွင့်(BOOT)ကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်(MIC) ၏ ခွင့်ပြုမိန့်နှင့်အညီ ဆောင်ရွက် လျက်ရှိနေပြီး YPS ကတ်များအား ရန်ကုန်မြို့ရှိ G&G ဆိုင်ပေါင်း ၁၀၂ ဆိုင်တွင် ဝယ်ယူရရှိနိုင်ရန် စီမံထားကြောင်း၊ ထို့ပြင် ကတ်များ သုံးစွဲမှုနှင့်ပတ်သက်၍ သုံးစွဲသူများ၏အခက်အခဲကိုဖြေရှင်းပေးနိုင်ရန် ဆူးလေ၊ သမိုင်းနှင့်တာမွေ တို့တွင် YPS Service Center သုံးခုကိုပြင်ဆင်ထားကြောင်း သိရသည်။
အဆိုပါ YPS ကတ်များအား YBPC ကုမ္ပဏီမှ ယာဉ်လိုင်း ခုနစ်လိုင်း၊ လမ်းကြောင်း ၁၀ ခုတွင် ပြေးဆွဲနေသည့် ဘတ်စ်ကား ၃၆၃ စီးနှင့် ဗန္ဓုလကုမ္ပဏီမှ ယာဉ်လိုင်း ခြောက်လိုင်း၊ လမ်းကြောင်း ခုနစ်ခုတွင်ပြေးဆွဲနေသည့် ဘတ်စ်ကား ၂၃၄ စီးတို့တွင် စတင်အသုံးပြုနိုင်
မည်ဖြစ်သည်။
ဝယ်ယူရရှိနိုင်
"စတင်အသုံးပြုတဲ့အချိန်မှာတော့ ဘတ်စ်ကားအစီးရေ ၅၉၇ စီးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စက်တပ်ဆင်မှု အပိုင်းအနေနဲ့က အစီးရေ ၁၉၀၀ ကျော်မှာ တပ်ဆင်ပြီးပါပြီ။ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားအားလုံးမှာ အသုံးပြုနိုင်ဖို့အတွက် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ YPS ကတ်တွေကို လက်ရှိ ကာလမှာ YPS Customer Service Center တွေနဲ့ YPS ရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ G&G ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ကတ်တွေကို YPS အမှတ်တံဆိပ်ပါ ကတ်နဲ့ ပေးချေနိုင်တဲ့ ဘတ်စ်ကားတွေမှာ စတင်အသုံးပြု နိုင်မှာဖြစ်ပါတယ်" ဟု Chief Marketing Officer မရီရီခင် က ပြောသည်။
YPS ကတ်တစ်ကတ်၏ တန်ဖိုးမှာ ကျပ် ၂၀၀၀ ဖြစ်ပြီး အနည်းဆုံး ငွေကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀ ထိ ငွေဖြည့်သွင်းထားနိုင်ကြောင်း၊ ပရိုမိုးရှင်းကာလဖြစ်သည့် ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၁၅ ရက်အတွင်း ကနဦးငွေဖြည့် သည့် ပမာဏမှာ ငွေကျပ် ၅၀၀၀ ဖြစ်ပါက YPS ကတ် တစ်ကတ် အခမဲ့ရရှိမည်ဖြစ်သည်။
တစ်ဦးအတွက်သာအသုံးပြုပေးချေနိုင်
YPS ကတ်ကိုအသုံးပြုစီးနင်းရာ၌ ဘတ်စ်ကားပေါ် တက်ရာတွင် အရှေ့တံခါး၌ တပ်ဆင်ထားသော Bus Validator စက်တွင် ကတ်ကိုထိရမည်ဖြစ်ပြီး ကားပေါ်မှ ပြန်ဆင်းရာတွင်လည်း ကတ်ကို Bus Validator စက်တွင် ထပ်မံထိပေးရမည်ဖြစ်ကြောင်း၊ ကတ်ကိုစက်တွင် ထိလိုက် လျှင် စီးနင်းခဲ့သည့်ခရီးစဉ်၏ကျသင့်ငွေကိုဖြတ်တောက် သွားမည်ဖြစ်ပြီး အကယ်၍ ဘတ်စ်ကားပေါ်မှအဆင်းတွင် စက်၌ ကတ်ကိုထိရန် မေ့လျော့/ပျက်ကွက်ခဲ့ပါက နောက် ခရီးစဉ်အစတွင် စက်ကိုထိလိုက်သည်နှင့် တစ်ပြိုင်နက် ယခင်ခရီးစဉ်တစ်ခုလုံး၏ ကျသင့်နှုန်းထားကို အလို အလျောက်ဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ YPS ကတ် အားတစ်ကြိမ်လျှင် ခရီးသည်တစ်ဦးအတွက်သာအသုံးပြုပေးချေနိုင်ပြီး တစ်ဦးနှင့်အထက်ပေးချေ၍မရကြောင်း သိရသည်။
ရန်ကုန်မြို့၌ သွားလာနေကြသည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ခရီးသည်တင် ယာဉ်လိုင်းများကိုသာ မှီခိုအားထား သွားလာနေကြကြောင်း၊ ကိုဗစ်-၁၉ မတိုင်မီ ကာလက ယာဉ်လိုင်းနံပါတ်ဖြင့် ပြေးဆွဲနေသည့်ယာဉ်လိုင်း ပေါင်း ၁၀၀ ကျော်နှင့် ပြေးဆွဲလမ်းကြောင်းပေါင်း ၁၀၀ ကျော် ပြေးဆွဲလျက်ရှိကာ ယာဉ်အစီးရေ ၄၄၀၀ ကျော်ဖြင့် ခရီးသွားပြည်သူ ၁ ဒသမ ၉ သန်းခန့်ကို နေ့စဉ်ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ဇူလိုင် ၁၂ ရက်က YBS ပြေးဆွဲ လမ်းကြောင်း ၁၂၆ လိုင်းမှ မော်တော်ယာဉ်အစီးရေ ၃၆၉၉ စီးဖြင့် ခရီးသည် ၈၈၈၂၄၄ ဦးကို သယ်ယူပို့ဆောင် ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ သိရ သည်။
Crd : Mirror #Myanmar_Online_News

0 comments:

Post a Comment