Monday, July 6, 2020

ကိုဗစ်လူနာအမှတ် ၃၁၁ လာအိုမှ တရားမဝင် ပြန်လာပြီး ရန်ကုန်တွင် YBS ၉ဝ စီးကာ ဆိုင်ကယ်ရီဖြင့် ရွာသို့ ပြန်ခဲ့၊ YBS ကားနှင့် ဆိုင်ကယ်ရီသမား ရှာမတွေ့

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ရေတွင်းဖြူအုပ်စုကျေးရွာတွင် နေထိုင်သော အသက် ၄၃နှစ်အရွယ် အမျိုး သား လူနာအမှတ် ၃၁၁သည် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင်ပြန်လည်ဝင်ရောက်လာသူဖြစ်ကာ YBS ၉ဝဖြင့် ရွာသို့ပြန်လာခြင်းဖြစ်ကြောင်း တိုက်ကြီးမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်ကပြောဆိုသည်။
ကိုဗစ်လူနာ အမှတ်စဉ် ၃၁၁ သည် အသက် ၄၃ နှစ်အရွယ်အမျိုးသားဖြစ်ပြီး လာအိုနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ကာ ဇူလိုင်လ ၄ ရက်နေ့က ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် သည်။
“ သူဘယ်တုန်းကလာတယ်ဆိုတာ ရက်ကတော့ မသိဘူး။ သူဝင်လာတဲ့ရက်က ကျွန်တော်တို့ ရန်ကုန်မှာ ပါ တီလုပ်ငန်းတွေ လုပ်နေတော့ ရက်တော့ ကျွန်တော်မသိဘူး။ မေးကြည့်မှပဲသိတော့မယ်။ သူ YBS ၉ဝ ကိုစီးပြီးတော့ ရွာသာဆိုတဲ့ကျေးရွာမှာဆင်းတယ်။ ဆင်းပြီးတော့ ဆိုင်ကယ်ရီနဲ့ သူ့ရွာကိုသွားတယ်။ သွားတော့ သူ့ရွာကသိတော့ လက်မခံတော့ အုပ်ချုပ်ရေးမှူးတို့ ဘာတို့ကနေ အဲဒီကနေ မြို့နယ်အုပ်ချုပ်ရေးမှူးကို အ ကြောင်းကြားပြီးတော့ Quarantine Center ကိုပြန်ပို့လိုက်တယ်။ အဲဒီတော့ သူနဲ့ဆက်သွယ်တဲ့ ကိစ္စက တော့ အဲဒီမှာ ပြန်ပို့တဲ့ ရာအိမ်မှူးတို့ အုပ်ချုပ်ရေးမှူးတို့ ကားသမားတို့ကိုတော့ ပြန်ပို့တဲ့ကားသမားကိုတော့ Quarantine ဝင်ခိုင်းထားတယ်။ ကယ်ရီသမားတော့ ပျောက်နေတယ်။ သူကလည်းနိုင်ငံခြားမှာ ဘယ် လောက်ကြာလို့လဲမသိဘူး။ ကယ်ရီသမားကို သူမသိဘူးပေါ့။ YBS ၉ဝပဲသိတယ်။ ကားနံပါတ်မသိဘူး။ အဲလိုဖြစ်နေတယ်။ သူနဲ့ထိတွေ့သူကတော့ ကားပေါ်ပါတဲ့ သူရယ်။ ဆိုင်ကယ်သမားရယ် ဒီလောက်ပဲပေါ့။ အဲဒီထိတွေ့သူတွေကနေ ဆက်စပ်သွားနိုင်တာပေါ့။ စိုးရိမ်ရတဲ့အဆင့်မှာရှိပါတယ်။ ဆိုင်ကယ်ကယ်ရီသမားက သူ့ဆီကများကူးတယ်ဆိုရင် သူကမိသားစုနဲ့နေမယ်။ သူလျှောက်သွားနေမယ်။ သူကဘယ်သူမှန်းလည်းမသိဘူး။ အဲတာမျိုးတွေရှိတာပေါ့” ဟု ၎င်းကပြောဆိုသည်။
ကိုဗစ်လူနာ စီးနင်းခဲ့သော YBS ၉ဝ ကားနှင့် ဆိုင်ကယ် ကယ်ရီသမားကို စုံစမ်းနေသော်လည်း လက်ရှိအချိန်အထိ အကြောင်းအရင်းတစ်စုံတစ်ရာမသိရှိရသေးကြောင်း ဦးတင်ရှိန်က ဆက်လက်ပြောဆိုသည်။
တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးကလည်း ကိုဗစ်လူနာ အမှတ် ၃၁၁ ၏ အ ချက်အလက်များကို ထပ်မံ ရရှိရန်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်တွင် ရှိနေပြီဖြစ်၍ စစ်ဆေး၍ မရတော့ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။
“ ရန်ကုန်ကိုဝင်လာတာတော့ ကျွန်တော်တို့လည်းမသိဘူး။ တိုက်ကြီးကိုတော့ အောက်လမ်း(တရားမဝင်) က နေ ရောက်ချလာတာလို့ပြောတယ်။ ကျွန်တော်တို့ ရွာရောက်ခံနီးမှ သူ့ကို Quarantine ပို့လိုက်တာ ဘယ်လိုမျိုးဝင်လာလဲတော့ မသိဘူး။ ကျွန်တော်တို့ ရွာရောက်မှသိတာလေ။ သူ့ကိုမေးမှပဲ သိမယ်။ ကျွန်တော်တို့သူ့ကို Quarantine သွင်းလိုက်တဲ့အခါကျတော့ စစ်ဆေးလို့မရတော့ဘူးလေ။ သက်ဆိုင်ရာ ကျန်းမာရေးဌာနကပဲ စစ်လို့ရမှာပေါ့။ သူက Quarantine ထဲမှာကို အဲတာတွေက ကျန်းမာရေးကိုမေးမှပဲသိမှာဗျ” ဟု တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးကပြောဆိုသည်။
ကိုဗစ်လူနာအမှတ်စဉ် ၃၁၁ နှင့်ပတ်သက်၍ အသေးစိတ်ထပ်မံ သိရှိနိုင်ရန် ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်တို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။
Ref ; Khit Thit Media

0 comments:

Post a Comment