
ဖားကန့်အခြေစိုက် သတင်းထောက်ဖြစ်သော ဦးနောင်ရိုးသည် (ဇူလိုင် ၂၀ ရက်) ည ၉ နာရီက လုံးခင်း၊ မော်စီစာကျေးရွာ နေအိမ်အနီးရှိ စားသောက်ဆိုင်တွင် ဓားထိုးခံရကြောင်း သတင်းရရှိသည်။ ဓားထိုးမှုဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးသော်လည်း ဝမ်းဗိုက်နှင့် လက်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး လုံးခင်းဆေးရုံမှ ဖားကန့်ပြည်သူ့ဆေးရုံးကြီးသို့ လွဲပြောင်း ကုသမှုခံယူနေရကြောင်း သိရသည်။
သတင်းထောက် ဦးနောင်ရိုးသည် Voice of Malikha News Agency ၏ ဖားကန့်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်ပြီး ဖားကန့်ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းရေးနေသူ တစ်ဦးဖြစ်ကြောင်း Voice Of Malikha News Agency ၏ တည်ထောင်သူ ဦးဝေဖြိုးအောင်က ဆိုပါသည်။
စုံစမ်းမှုများအရ ယနေ့ည ရှစ်နာရီကျော်ခန့်က ၄င်းနေထိုင်ရာ လုံးခင်းကျေးရွာ၊ အောင်သာယာ (၂) ရပ်ကွက်အတွင်းရှိ ၎င်းငှားနေထိုင်သောအိမ်အနီးမှ စားသောက်ဆိုင်တွင် ထိုင်နေစဉ် ယင်းအိမ်တွင် အတူငှားရမ်းနေထိုင်သူ တစ်ဦးဟု ယူဆရသူနှင့် အချင်းများခဲ့ကြောင်း သိရသည်။
ဓားထိုးခံရမှုကြောင့် ဦးနောင်ရိုး၏ ညာရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဘယ်ဘက် လက်မောင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ Voice Of Malikha News Agency ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးဝေဖြိုးအောင်က " ကျွန်တော်တို့ ဖြစ်စဉ်ကို စုံစမ်းနေတယ်။ လောလောဆယ် ဓားဒဏ်ရာ နှစ်ချက် ရထားတယ်။ ဝမ်းဗိုက်ဒဏ်ရာက လုံးခင်းဆေးရုံမှာ အဆင်မပြေလို့ ဖားကန့်ဆေးရုံ လွဲလိုက်တယ်။ ဘယ်လောက်နက်လဲ မသိရသေးဘူး" ဟု ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်စရာရှိသည်များကိုလည်း ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားထားကြောင်း သိရသည်။

Crd : Voice of Malikha News Agency
0 comments:
Post a Comment