Monday, July 6, 2020

ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိသည့် အနိုင်ရလဒ်တစ်ခုမျှော်မှန်းထားကြောင်း USDP ပါတီပြောဆို

ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိသည့်အနိုင်ရလဒ်တစ်ခုမျှော်မှန်းထားပြီး လတ်တလောတွင် ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြထားပြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောသည်။
“ကျွန်တော်တို့က ကိုယ်စားလှယ်လောင်းရွေးချယ်နေတယ်ဆိုတာက ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းကပေါ့။ ပြည်သူလူထုအပေါ်မှာ ဘယ်လောက်အကျိုးကျေးဇူးပြုမှုတွေလုပ်နေသလဲဆိုတဲ့ပေတံပေါ်မှာ အဓိကထားတယ်။ အဲဒီလိုရွေးချယ်လာတာ တစ်နေရာတစ်ယောက်တည်းမဟုတ်ဘူး။ ငါးယောက်ခြောက်ယောက်ရွေးရွေးလာတာ အခုဆိုရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြထားတဲ့အဆင့်ရောက်သွားပြီ။ ကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေဟာ ပြည်သူစိတ်ချယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ အာမခံပါတယ်။ ရွေးကောက်ပွဲအနိုင်ရလဒ် အနေနဲ့လည်း ဂုဏ်သိက္ခာရှိတဲ့အနိုင်ရလဒ်တစ်ခုကို မျှော်မှန်းထားပါတယ်’’ဟု ၎င်းကပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲအများစုဖြင့် အနိုင်ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရတစ်ရပ်မှ မိုးဘိုင်းလ်ဖုန်းဆင်းကတ်များဈေးနှုန်း ပြင်ဆင်သတ်မှတ်ခြင်းလုပ်ငန်း၊ ပြည်တွင်းငြိမ်းချမ်းရေးတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အထိ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်စေခဲ့ခြင်းတို့ပြုလုပ်နိုင်ခဲ့သည်။
“ရွေးကောက်ပွဲမှာ အနိုင်ရရင်မှ ညွန့်ပေါင်းမဟုတ်ဘူး။ တို့အနေနဲ့က တိုင်းပြည်အကျိုးတူတဲ့ဟာနဲ့ဆိုလို့ရှိရင် ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့မူ ချထားပြီးသား။ တိုင်းရင်းသားအရေးကို ဆောင်ရွက်တယ် ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို တို့ပြင်တဲ့ဟာတည်းကိုကသိနိုင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့က တိုင်းရင်းသားအရေးကိုလည်း ဦးစားပေးဆောင်ရွက်တယ်။ အဲဒီအတွက် ပူးပေါင်းဆောင်ရွက်ရေးက စိတ်ပူစရာကိစ္စတစ်ခုမဟုတ်ဘူးလို့မြင်တယ်’’ဟု ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကသုံးသပ်ပြောသည်။
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ၃၇ သန်းကျော်ရှိကာ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်။
Ref ; People Media

0 comments:

Post a Comment