Saturday, July 11, 2020

UBPပါတီအနေဖြင့် ပါတီ ဉက္ကဌ သူရဦးရွှေမန်းပုံရိပ်ကို အသုံးပြုကာ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်သွားမည်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် လာမည့် နိုဝင်ဘာလ အတွင်းကျင်းပမည့် ရွေးကောက်ပွဲအတွက် သူရဦးရွှေမန်းပုံရိပ်အသုံးပြုကာ မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း ပါတီတိုင်းစည်းရုံးရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတင်မောင်ဦးက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်က လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံအသုံးပြုမဲဆွယ်စည်းရုံးခွင့်ပေးထားမှုအပေါ် နိုင်ငံရေးပါတီများအကြား အငြင်းပွားမှုဖြစ်ပေါ်နေချိန် ၄င်းတို့ပါတီ၏ မဲဆွယ်စည်းရုံးမည့်လုပ်ငန်းစဉ်ကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ပါတီအနေနဲ့ ဘာပုံရိပ်နဲ့ သွားမလဲမေးရင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဖြစ်ပါတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့အတွက်ကြောင့် ပါတီရဲ့ခေါင်းဆောင်သည် ပါတီအနေနဲ့ ခေါင်းဆောင်အင်္ဂါရပ် ၆ ချက်မှာ သိပ်အရေးကြီးပါတယ်။ အတွေ့အကြုံလည်းစကားပြောတယ်။ အတွေ့အကြုံကဝယ်လို့ မရဘူး။ ၆ ချက်ထဲမှာအစိုးရဖွဲ့နိုင်တဲ့ နိုင်ငံရေးပါတီကြီးတွေရဲ့ ခေါင်းဆောင်အားလုံးနဲ့ ဦးတို့ ရထားတဲ့ခေါင်းဆောင်နဲ့ COMPARE လုပ်ချင်လား ရပါတယ်။ ဒါကြောင့် ပါတီအနေနဲ့ ခေါင်းဆောင်ကို တန်ဖိုးထားတယ်။ ထွက်လာရင် ဦးရွှေမန်းပုံနဲ့အတူ ပါတီလိုဂိုနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။"ဟု ၄င်းက ပြောသည်။
နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များလိုက်နာရမည့် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်ကို နိုင်ငံရေးပါတီ ၁၆ခုက ၇ လကြာရေးဆွဲထားပြီး ဇူလိုင် ၂၆ ရက်၌ ပါတီများကျင့်ဝတ် လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
ယင်းကျင့်ဝတ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ အသုံးပြုမဲဆွယ်ရန် ခွင့်ပြုထားမှုကို နိုင်ငံရေးပါတီ ၃၀ ကျော်က ကန့်ကွက်သည့်အနေဖြင့် လက်မှတ်မထိုးခဲ့ဘဲ ယင်းအချက်နှင့် နိုင်ငံရေးပါတီများအကြား အငြင်းအခုန်ဖြစ်လျက်ရှိနေသည့်အပေါ် စိတ်မကောင်းကြောင်း ၎င်းက ပြောသည်။
" ဗိုလ်ချုပ်ဓာတ်ပုံသုံးတာနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ကြတယ်။ ဗိုလ်ချုပ်ဓာတ်ပုံနဲ့ ပတ်သက်ပြီးဆွေးနွေးတာ အံ့သြမိပါတယ်။ ဒါကLAW မဟုတ်ဘူး။ ပဠိဉာဉ် ဖြစ်ပါတယ်။သူ့ထက်အမြင့်ဆုံးအခိုင်အမာဆုံးက ဥပဒေဖြစ်ပါတယ်။ ၄၈ ခုနှစ် ဗိုလ်ချုပ် အတ္ထုပတ္တိ ဥပဒေရှိတယ်။ ဒါကို ၂၀၁၁ ခုနှစ်မှာ ပြည်သူ့လွှတ်တော်မှာ ဦးကိုယ်တိုင်ဆွေးနွေးတယ်။ ဗိုလ်ချုပ်က မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံတော်အခမ်းအနားမှာပဲ အသုံးပြုသင့်တယ်လို့ မှတ်ချက်ပြုခဲ့တယ်။ဒီနေ့က LAW မဟုတ်ဘဲ Code of Conduct မှာ လာဆွေးနွေးနေကြတာက ဆွေးနွေးသူအားလုံးက ၄၈ ဗိုလ်ချုပ်ဥပဒေကို ကိုင်တွယ်ပြီးသွားရင်တော့ ပိုကောင်းမှာဖြစ်ပါတယ်။သူ့ထက်နိမ့်တဲ့ ပဠိဉာဉ်မှာဆွေးနွေးတာကို ဝမ်းနည်းစွာတွေ့ရတယ်။ဦးတို့အနေနဲ့ကတော့ ဒီအချက်ကို ငြင်းခုန်သွားမှာမဟုတ်ပါဘူး "ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အားလုံးနှင့် တစ်ပြည်လုံးအတိုင်းအတာအရ မဲဆန္ဒနယ် ၁၆၀ တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဖြစ်ပြီး အစိုးရဖွဲ့နိုင်ရန်အထိ ရည်မှန်းထားကြောင်း ၎င်းက ပြောသည်။
"ဦးတို့ ပါတီက နိုင်ငံရေးပါတီထူထောင်တာ ရိုးရိုးလေးပြောရင် အာဏာလိုချင်လို့ပဲ။ အဲဒီအာဏာက ဦးတို့ အတွက်မဟုတ်ဘူး။ ပါတီအတွက်မဟုတ်ဘူး ။နိုင်ငံတော်အတွက် အစိုးရပေါ်လာဖို့အတွက် နိုင်ငံတော်ထူထောင်ဖို့ အသင့်ပြင်ထားတဲ့ပါတီဖြစ်ပါတယ်။ဦးတို့ အစိုးရမဖွဲ့နိုင်ဘူးလို့ပြောတယ်။ ဦးတို့က ဒီနေ့နိုင်ရင် အစိုးရတာဝန်ထမ်းဆောင်ဖို့ အသင့်ပြင်ထားပါတယ်။" ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲဝင်မည့်ပါတီများအနေဖြင့် ပါတီစည်းရုံးရေးနှင့်နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဇူလိုင် ၂ ရက်နေ့မှစတင်ကာ ပြုလုပ်ခွင့်ပေးထားပြီး စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ကို ကိုယ်စားလှယ်လောင်းအတည်ပြုပြီးပါက ခွင့်ပြုမည်ဖြစ်သည်။
မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်းတင်သွင်းမည့်နေ့ရက်ကို ဇူလိုင် ၂၀ မှသြဂုတ် ၇ ရက်အထိ တင်သွင်းရမည်ဖြစ်သည်။လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နေရာနှင့် တိုင်းနှင့်ပြည်နယ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Crd : MyanmarTimes

0 comments:

Post a Comment