Tuesday, July 14, 2020

San Deigo မြို့ ရေတပ်အခြေစိုက်စခန်းတွင် မီးလောင်နေသည့် အမေရိကန်ရေတပ်သင်္ဘော မီးဆက်လက်ငြှိမ်းသက်နေရဆဲဖြစ်

အမေရိကန်နိုင်ငံ San Deigo မြို့ရှိ ရေတပ်အခြေစိုက်စခန်းတစ်ခုမှာ မီးလောင်နေတဲ့ USS Bonhomme Richard သင်္ဘောဟာ ဆက်လက်လောင်အားကောင်းနေဆဲဖြစ်ပြီး ဖက်ဒရယ်မီးသတ်တပ်ဖွဲ့နဲ့ ရေတပ်မီးသတ်တပ်ဖွဲ့တွေဟာ မနေ့က ဇူလိုင်(၁၃)ရက်နေ့က မီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါ USS Bonhomme Richard သင်္ဘောပေါ်ရှိ သင်္ဘောဝန်ထမ်း(၃၆)ဦးနဲ့ အရပ်သား(၂၃)ဟာ အပူဟတ်ခံရတာနဲ့ မီးခိုးငွေ့ရှုမိတာတွေကြောင့် ကုသမှုပေးထားရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ အဓိကဦးစားပေးကိစ္စဟာ မီးကို ငြှိမ်းသတ်နိုင်ဖို့ ဖြစ်တယ်လို့ Expeditionary Strike Group Three ရဲ့ ကွန်မန်ဒါဖြစ်သူ Philip Sobeck က ပြောကြားခဲ့ပြီး၊ မီးကိုငြှိမ်းသတ်နိုင်ဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ သူက မပြောကြားခဲ့ပါဘူး။ “ကျွန်တော်တို့အခု မီးကိုငြှိမ်းသတ်နေတာဟာ (၂၄)နာရီကျော်သွားပါပြီ၊ မီးငြိမ်းသွားတဲ့အထိ ဆက်လက်ကြိုးစားသွားမှာပါ” လို့လည်း သူကပြောကြားခဲ့ပါတယ်။
ဒီသင်္ဘောဟာ အခုလ(၁၂)ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး မီးစတင်လောင်ကျွမ်းနေခဲ့တာပါ။ ပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မသိရသေးဘဲ၊ အစောပိုင်းသတင်းထုတ်ပြန်ချက်တွေအရကတော့ သီးသန့်ခွဲထားတဲ့အခန်းက အပူရှိန်တက်ပြီးစတင်ပေါက်ကွဲကာ၊ သင်္ဘောအောက်ပိုင်း ပစ္စည်းသိုလောင်ခန်းကနေ မီးလောင်မှုစတင်ဖြစ်ပွားတာ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
မီးလောင်မှုစတင်ဖြစ်ပွားတဲ့အချိန်မှာ သင်္ဘောပေါ်မှာ လူအယောက်(၁၆၀)ရှိနေကြပြီး၊ သင်္ဘောပေါ်ကနေအကုန်လုံးလွတ်မြောက်နိုင်ခဲ့တယ်လို့လည်း အမေရိကန်ရေတပ်ဖွဲ့က ပြောပါတယ်။
source : CNN

0 comments:

Post a Comment