Friday, July 24, 2020

RCSS/ SSA အဖွဲ့မှ ထွက်ပြေးလာသည့် သင်တန်းသား ၂၀ ဦးကို UWSA (ဝ)အဖွဲ့က ယာယီထိန်းသိမ်းထားရှိပြီး တပ်မတော်သို့ လာရောက်အပ်နှံ

RCSS/ SSA အဖွဲ့မှ အတင်းအဓမ္မလူသစ်စုဆောင်းခံရပြီး လွယ်တိုင်းလျှံတွင် တပ်သားသစ် သင်တန်းတက်ရောက်နေရသူများအနက်မှ သင်တန်းသား ၂၀ ဦးခန့်သည် အဖွဲ့လိုက်ခွဲ၍ ထွက်ပြေးလာခဲ့စဉ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တပ်ဖာလိုင်ဒေသတွင် UWSA (၀) အဖွဲ့က ယာယီထိန်းသိမ်းထားရှိပြီး ဇူလိုင် ၂၃ ရက် ညပိုင်းတွင် တာချီလိတ်မြို့ရှိ နယ်မြေခံတပ်သို့ လာရောက်အပ်နှံခဲ့ကြောင်း သိရှိရသည်။
ထွက်ပြေးလာသူများအား စိစစ်မေးမြန်းချက်များအရ ၎င်းတို့သည် မိုင်းကိုင်၊ လားရှိုး၊ ကျောက်မဲ၊ ခိုလမ်၊ လဲချား၊ တောင်ကြီး၊ မိုင်းပွန်၊ ပင်လုံနှင့်ကျိုင်းတုံ စသည့် မြို့နယ်များမှဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် မူးယစ်ဆေးဝါးအကြောင်းပြ၍ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ကာ လူသစ်သင်တန်းများ တက်ရောက်စေခဲ့ကြောင်း၊ သင်တန်းတက်ရောက်ချိန်အတွင်း နေထိုင်စားသောက်မှုဆင်းရဲခြင်း၊ လက်နက်ကိုင်ဆောင်၍ တိုက်လိုခိုက်လိုစိတ်မရှိခြင်းတို့ကြောင့် ထွက်ပြေးလာခဲ့စဉ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တပ်ဖာလိုင်ဒေသရှိ UWSA (၀)အဖွဲ့ထံသို့ ရောက်ရှိထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
RCSS/ SSA အဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များနှင့် သဘောတူညီထားသော သဘောတူညီချက်များကို ချိုးဖောက်သည့်အပြင် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (Code of Conduct) အခန်း(၃)ပါ ပြဋ္ဌာန်းချက်များအား ချိုးဖောက်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်းနှင့် ထွက်ပြေးလာသူများအား တပ်မတော်မှ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment