Wednesday, July 15, 2020

ကျောက်တော်မြို့နယ်၌ Quarantine ဝင်နေသည့် တရုတ်ပြန် အမျိုးသား ၁ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝတိုက်နယ်ဆေးရုံမှာ Quarantine ဝင်နေတဲ့ ရောင်စုံကျေး ရွာသား စောင့်ကြည့် လူနာတစ်ဦး ဇူလိုင် ၁၄ ရက်နေ့က သေဆုံးသွားတယ်လို့ အပေါက်ဝတိုက်နယ်ဆေးရုံက ဒေါက်တာသန်းထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူဟာ တရုတ်နိုင်ငံကနေ ဇွန်လ ၃၀ ရက်နေ့က သူ့ရဲ့နေရပ်ဖြစ်တဲ့ ရောင်စုံကျေးရွာကို ပြန်လာပြီး ကျေးရွာအတွင်းက စာသင်ကျောင်းမှာ Quarantine ဝင်နေတဲ့သူ တစ်ဦး ဖြစ်ပါတယ်။
အပေါက်တိုက်နယ်ဆေးရုံက ဒေါက်တာသန်းထွန်းဦးက“သေဆုံးသွားတာ ဟုတ်ပါတယ်။ တရုတ်ကပြန်လာကတည်းက သူ့မှာသွေးတိုးရှိပြီး ကိုယ်ခန္ဓာ တစ်ခြမ်းလှုပ်မရတဲ့အခြေအနေဖြစ် နေတယ်။ အဲဒီနေ့က ၃ နာရီက အဖျားတက်ပြီးတော့ ၄ နာရီလောက်မှာ သတိမေ့သွားတယ်။ နှာခေါင်းတို့ဖတ်ကို ပို့ထားတယ်။ အဖြေရရှိဖို့” လို့ပြောပါတယ်။
သေဆုံးသူဟာ Quarantine ဝင်နေစဉ် ဖျားနာလာပြီး အပူချိန်မြင့်တက်လာတာကြောင့် ဇူလိုင် ၁၄ ရက်နေ့က အပေါက်ဝဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးခဲ့တယ်လို့ ဒေါက်တာသန်းထွန်းဦးကပြောပါတယ်။
ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က” သူကတရုတ်ပြည် နန်းစီးဖက်က ပြန်လာတာ၊ နယ်စပ်ကဖြတ်ပြီးလာတာပေါ့။ အဲ့ဒီမူဆယ်တို့ဘက်က စစ်ပြီးခါမှ ဒီဘက်ရခိုင်ကိုပို့တာဗျ၊ ရခိုင်ကိုရောက်ရောက်ချင်းနေ့ ၂ ရက်နေ့မှာပဲ နိုင်ငံခြားပြန် ဖြစ်တဲ့အတွက်ကြောင့် Quarantine ထားတယ်။ သူနဲ့ သူမိန်းမ၊ ပြီးတော့ နောက်တစ်ယောက် Quarantine ထားပါတယ်။ သူကဆေးရုံးမှာပဲ ဆုံးသွားပါတယ်။”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၂ ဦး ရှိပြီး ၈ ဦးမှာ ရောဂါပိုးမတွေ့ရှိတာကြောင့် ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပါတယ်။
Ref ; DVB

0 comments:

Post a Comment