Thursday, July 23, 2020

NLD ပါတီမှ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်းပြန်လည်ပါဝင်မည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုဝန်ကြီး လေးဦး ၂၀၂၀ရွေးကောက်ပွဲ ဝင်ရောက်မည်ဖြစ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည် ၂၀၁၅ တွင်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် မဲဆန္ဒနယ်များမှပင်ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဒီချုပ်ပါတီဒုတိယဥက္ကဋ္ဌ(၂)ဒေါက်တာဇော်မြင့်မောင်က ယနေ့ နံနက်တွင် အတည်ပြုပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးသန့်ဇင်မောင်၊ ဦးအုန်းဝင်း၊ ဒေါက်တာဝင်းမြတ်အေးတို့အပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီး လေးဦးသည် လာမည့်ရွေးကောက်ပွဲတွင် ပြန်လည် ရွေးချယ်ခံမည်ဖြစ်သည်။
ထိုအပြင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်းပြန်လည်ပါဝင်မည်ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း အမရပူရမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဒေါက်တာဇော်မြင့်မောင်က အတည်ပြုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခံခဲ့သူဖြစ်သည်။
နိုင်ငံတော် သမ္မတ၊ NLD ပါတီဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှလည်းကောင်း၊ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ရန်ကုန်တိုင်း တာမွေမြို့နယ်တို့မှလည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သည်။
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီချုပ်ပါတီ ကိုယ်စားလှယ်လောင်းများစာရင်းကို ယနေ့ (ဇူလိုင် ၂၃ရက်) တွင် နေပြည်တော်ရှိ ဒီချုပ်ပါတီဌာနချုပ် (ယာယီ) က NLD Website ကနေ နေ့လည် ၂ နာရီအချိန်တွင် ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ယနေ့ ဒေါက်တာ ဇော်မြင့်မောင် ပြောကြားချက်အရ ၂၀၂၀ ရွေးကောက်ပွဲ တွင် NLDပါတီအနေဖြင့် ၁၁၃၂ နေရာ ၀င်ပြိုင်မည်ဖြစ်ကာ အမျိုးသားလွှတ်တော် - ၁၆၂ နေရာ၊ပြည့်သူ့လွှတ်တော် - ၃၁၉ နေရာ၊ ပြည်နယ်/တိုင်း - ၆၂၂ နေရာနှင့် တိုင်းရင်းသား၀န်ကြီး- ၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment