Monday, July 6, 2020

ပင်းတယတွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခြင်းမှာ ဒီမိုကရေစီအရ ပြခွင့်ရှိ၍ ပြခြင်းဖြစ်ပြီး ပါတီအနေဖြင့်လည်း ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်းသာဖြစ် ဟု NLD တုံ့ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ယနေ့ ဇူလိုင်လ ၆ ရက်က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်သူမှာ ဒီမိုကရေစီအရ ပြခွင့်ရှိ၍ ပြခြင်းသာဖြစ်ပြီး ပါတီအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်းသာဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပင်းတယမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မမလေးက ပြောသည်။
“မြို့နယ် EC ကို ဗဟိုက ရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးရေးကော်မတီနဲ့ အစားထိုးဖွဲ့စည်းခဲ့တယ်။ ပြီးတော့ မြို့မိမြို့ဖကိုလည်း ပါတီရဲ့လမ်းညွှန်ချက်တွေအတိုင်း ရွေးချယ်ခဲ့တယ်။ ကိုယ်စားလှယ်လောင်းရွေးတယ်ဆိုတာလည်း ဘယ်ကမှ အတည်ပြုတာ မရှိသေးပါဘူး။ ပါတီကိုယ်စားလှယ်အနေနဲ့ပဲ လုပ်ရတော့ ပါတီဝင်တွေအားလုံးကို ဖိတ်ခေါ်မှုမပြုနိုင်ပါဘူး။ စန်းထွန်းအောင်နဲ့ ရှမ်းထွန်းအောင် အမည်လွဲတာလည်း လူငယ်က မကျန်းမာလို့ နှုတ်ထွက် တာ ကို ပါတီက လက်မခံဘဲ ပြန်ခေါ်တာမှာ ကာယကံရှင်က အမည်လွဲနေတာ မပြောလို့ပါ။ အခုလည်း ပြန်ပြင်ထား ပါပြီ။ ပါတီအောင်နိုင်ရေးက အဓိကဖြစ်လို့ EC အစား ယာယီဖွဲ့စည်းလုပ်ဆောင်ရတာပါ။ ဆန္ဒပြလူငယ်ကိုတော့ အသိအမှတ်ပြုပေမဲ့ လူပုဂ္ဂိုလ်ကို အမှီပြုတာလား၊ ပါတီကို အမီပြုတာလားဆိုတော့ ခွဲခြားသိစေချင်တယ်။ ပါတီလူငယ် တစ်ဦး အဖြစ်ကနေ မပစ်ပယ်ပါဘူး။ သူ့ရပိုင်ခွင့်အရသူ လုပ်တာပါ။ ပါတီက ပြောစရာမရှိပါဘူး” ဟု ဒေါ်မမလေးက ပြောသည်။
ကိုယ်စားလှယ်လောင်းရွေးရာတွင် စည်းရုံးရေးကော်မတီဝင် ၁၉ ဦးအား မြိုမိမြို့ဖ ၅ ဦး၊ အမျိုးသမီးအဖွဲ့ ၂ ဦး၊ လူငယ် ၂ ဦးတို့က လမ်းညွှန်မှုအတိုင်း မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်အခြားပါတီမှ ကူးပြောင်းလာသူများ ပါဝင်ခြင်းမရှိကြောင်း ၎င်းက ဆက် လက်ပြောဆိုခဲ့သည်။
“၁၉ ဦးကော်မတီ ပြန်ဖွဲ့တာ ပါတီဝင်တွေ မသိရဘူး။ လူဟောင်းလည်း ၆ ဦးလောက်ပဲ ပြန်ပါတယ်။ ပါလာတဲ့ အသစ် တွေက ၂၀၁၇ နောက်ပိုင်းကလူတွေ။ ပြီးတော့ ရပ်မိရပ်ဖရွေးတာလည်း ဘာမှမသိရဘူး။ အဲဒီထဲမှာ အရင်တခြားပါတီကလူတွေ ပါလာတယ်။ ကျွန်တော့်အဖေကိုယ်တိုင် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်တယ်။ ဘယ်လိုတွေ ရွေးချယ်တယ်၊ ဘယ်သူက အရွေးခံရတယ် ဘာမှအသိမပေးဘူး။ ဒါကြောင့် ဆဲဗင်း ဂျူလိုင်မှာ ကျောင်းသားထု ဖြိုခွဲခံရသလို ပင်းတယမြို့နယ် EC တွေလည်း ပွင့်လင်းမြင်သာမှုမရှိ ဖြိုခွဲခံရ တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်” ဟု တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူ ဦးအောင်စိုးထက်က ပြော သည်။
ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရာတွင် ပြီးခဲ့သည့် မတ်လ ၃ဝ ရက်က ပါတီမှနှုတ်ထွက်သွားပြီးသူ ရှမ်းထွန်းအောင် ဆိုသူကို ဆန်းထွန်းအောင်အမည်ဖြင့် ၁၉ ဦးကော်မတီတွင် ပြန်လည်ပါဝင်လာမှု၊ မြို့မိမြို့ဖများကို မည်သို့ ရွေးချယ်ပါသလဲ၊ မြို့နယ်ရှိ ပါတီဝင်များကို အသိအမှတ်ပြု အကြောင်းကြားခြင်းရှိမရှိတို့ကို ကြွေးကြော်၍ ပင်းတယ ပုန်းတလုတ် ကန်တစ်ပတ် လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref ; Kanbawza Tai News

0 comments:

Post a Comment