Sunday, July 26, 2020

၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ဇေယျာသီရိမြို့နယ်မှ ယှဉ်ပြိုင်ရမည့်အပေါ် စိုးရိမ်မှုမရှိကြောင်းNLDပါတီ အမတ်လောင်းပြောကြား

နေပြည်တော် ဇေယျသီရိမြို့နယ်သည် တပ်မြို့တော်ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးနိမ်ခဲ့သည့်နေရာဖြစ်သော်လည်း စိုးရိမ်မှုမရှိကြောင်း ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေက ပြောသည်။
‘‘တပ်မတော်သားတွေနဲ့လည်း ကျွန်တော်တို့ အများကြီး ရင်းနှီးပါတယ်။ တပ်မတော်ကို ရန်သူလိုဆက်ဆံစရာအကြောင်း မရှိဘူးလေ။ တပ်မတော်က ရှင်းရှင်းပြောရရင် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုပါပဲ။ ကျွန်တော်တို့ ဒါအတွက်တော့ မစိုးရိမ်ပါဘူး’’ဟု ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၎င်းအားယုံကြည် အားကိုး၍ ကိုယ်စားလောင်းအ ဖြစ် ရွေးချယ်ခဲ့သောကြောင့် ဂုဏ်ယူစရာဖြစ်ပြီး ပြည်သူနှင့် ထိတွေ့ခွင့်ရရှိချိန်တွင် ပါတီ၏ မူဝါဒသဘောထားများကို ရှင်းပြ၍ပြည်သူများ၏ဆန္ဒအတိုင်း ရွေးချယ်ခွင့်ကို လက်ခံသွားရမည်ဖြစ်ကြောင်း ဒေါက်တာမိုးဆွေက ရှင်းပြသည်။
နေပြည်တော်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ရှစ်ခုနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နှစ်ခု စုစုပေါင်း ၁၀ ခုရှိသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့် ယင်းနေ ရာ ၁၀ ခုစလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ကိုးနေရာ အနိုင်ရရှိ ခဲ့ပြီး ဇေယျာသီရိမြို့နယ်တစ်ခု တည်းတွင် တပ်မတော်မှ အငြိမ်း စားယူ၍ ပြည်ခိုင်ဖြိုးမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ဗိုလ်ချုပ်ကြီး လှ ဌေးဝင်းကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များသည် လာမည့် ရွေးကောက်ပွဲအတွက် ပြန်လည်အရွေးခံခဲ့ရပြီး ဇမ္ဗူသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှစ်ခုတွင် ကိုယ်စားလှယ်အသစ်များ ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် လက်ရှိ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးနှင့် ဇေယျာသီရိမဲဆန္ဒနယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာမိုးဆွေက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဇမ္ဗူသီရိမဲဆန္ဒနယ်သည် ဝန်ထမ်းမိသားစု အများဆုံးနေ ထိုင်ကြပြီး ဇေယျာသီရိမဲဆန္ဒနယ် သည် တပ်မတော်သား မဲဆန္ဒရှင်များ အများစုနေထိုင်ကြသည့်နေရာတစ်ခုဖြစ်သည်။
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်မဲရုံများသည် ပြင်ပနေရာသို့ ထုတ်ရမည်ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းများကို တပ်အတွင်းသို့ မဲဆွယ်စည်းရုံးခွင့်ပြုမည်မဟုတ်ဘဲ တပ်မတော်သားများကို မဲပေးခွင့်ကန့်သတ်ထားခြင်း မရှိ၊ လွတ်လပ်စွာ မဲပေးခွင့်ပေးထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးသတင်းအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။
Crd : 7Day

0 comments:

Post a Comment