Sunday, July 26, 2020

၂၀၂၀ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ထားသူအား နှစ်သက်မှုမရှိ၍ ပေါင်းတည်မြို့နယ်ရှိ ကျေးရွာ ၂၀ ခန့်မှ ပါတီဝင်များ အပါအဝင် ဒေသခံများက ကန့်ကွက်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် NLD ပါတီဗဟိုဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ထားသူအား ကြိုက်နှစ်သက်မှုမရှိ၍ ကျေးရွာ ၂၀ ခန့်မှ ပါတီဝင်များ အပါအဝင် ဒေသခံများက ကန့်ကွက်လက်မှတ်ရေးထိုးခြင်း လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ လက်မှတ်ထိုးစာရင်းများကို ပေါင်းတည်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်အတွင်းရှိ ပဲခူးရိုးမ တောင်ပေါ်ဒေသများနှင့် တောင်ခြေဒေသများမှ ကျေးရွာခံများက ပြုလုပ်နေခြင်းဖြစ်ပြီး NLD ပါတီဝင်များလည်း ပါဝင်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပေါင်းတည်မြို့နယ်ကနေ EC အဖွဲ့ကနေ ရွေးတယ်။ ရပ်ကျေးအဖွဲ့တွေ မပါပါဘူး။ မြို့မိမြို့ဖတွေပါတယ်။ တင်လိုက်တဲ့အခါမှာ ဦးရဲလင်းနိုင်တို့ တစ်နေရာက ပါသွားတယ်ဆိုတာ သိရတယ်။ သတင်းပြန်ကြားရတော့ ဦးရဲလင်းနိုင်တို့ မပါဘူး။ ဘာကြောင့် မပါတာလဲ နိုင်ငံတော် အကြီးအကဲတွေကို သိလည်း သိစေချင်တယ်။ ဘာကြောင့် မပါတာကိုလဲ ပြည်သူတွေသိအောင် ပြောပြပေးပါ။ ကျွန်တော်တို့ မြောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းမှာ ဆန္ဒပြဖို့ရှိတယ်။ ကိုရဲလင်းနိုင်က ခေတ်လူငယ် ပညာတတ် ပထမ သက်တမ်းမှာလည်း ဒေသက ဘာလိုတယ်ဟေ့ ဆိုတာနဲ့ လွှတ်တော်မတက်တဲ့ရက်ဆို တန်းကွင်းဆင်းပြီး လာကြည့်တယ်။ ဒီလိုလူမျိုးကို နောက်သက်တမ်းမှာ ဘာလို့မရွေးတာလဲဆိုတာ သိချင်တယ်” ဟု ရှမ်းစပ်ကျေး ရွာ NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးဇော်ဦးက ပြောကြားသည်။
ကျေးရွာများအပြင် အမှတ် (၁) မဲဆန္ဒနယ် အတွင်းရှိ ပေါင်းတည်မြို့ပေါ်ရပ်ကွက် များတွင်လည်း ကန့်ကွက်လက်မှတ်များ လိုက်လံကောက်ယူနေပြီး NLD ပါတီဗဟိုသို့ တင်ပြမည်ဖြစ်ကြောင်း၊ လက်ရှိတွင် လက်မှတ်ထိုးစာရင်း ၈၀၀၀ ကျော်ရရှိထားပြီး ၂၀၀၀၀ ကျော် ကောက်ခံရရှိရန် လုပ်ဆောင်နေကာ ထူးခြားမှု မရှိပါက ဆန္ဒပြမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
“မြို့နယ်ကလည်း သူ့ကိုကြိုက်ပါရဲ့နဲ့ ရပ်မိရပ်ဖတွေ NLD စည်းကော်မတီ မဲဆန္ဒတွေက (၁) လို့ပေးလိုက်ရဲ့နဲ့ ဦးရဲလင်းနိုင်က ဘာလို့ဖြုတ်ချခံရတာလဲ။ အဲဒီတော့ ရွေးချယ်မှုအဆင့်မှာ တိုင်းအဆင့်က ဖြုတ်ချလိုက်တာလား ဗဟိုက ဖြုတ်ချလိုက်တာလား သိချင်တယ်။ အခုတောင်ပေါ်ဒေသတွေမှာ လက်မှတ်တွေထိုးပြီးတော့့ လူငါးသောင်းကျော်လောက် မှတ်ပုံတင်နဲ့ထိုးပြီးတင်ဖို့ အစီအစဉ်ရှိတယ်။ အဲဒီတော့ ဦးရဲလင်းနိုင်ပါဖို့ တောင်းဆိုမယ်။ မရရင် တောင်ပေါ်ဒေသတွေစုပြီး ဆန္ဒဖော်ထုတ်ဖို့ လုပ်ဆောင်မယ့် အပိုင်းရှိတယ်။ ရွေးချယ်မှု အပိုင်းမှာ ဦးရဲလင်းနိုင် နံပါတ် (၁)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆလိုင်းတက်တယ်။ အမျိုးသား လွှတ်တော်မှာ ကိုညီညီအောင် ပြိုင်ဘက်မရှိ ၂၈ မဲရပြီး သူတက်သွားတယ်။ ပရဟိတ လုပ်ဆောင်ချက်တွေ နိုင်ငံရေး လုပ်ဆောင်ချက်တွေရှိတယ်။ အဲဒီတော့ ဦးညီညီအောင်မပါဘဲ အခုပါလာတဲ့သူက ပြီးခဲ့တဲ့ သက်တမ်းမှာ ကျွန်တော်တို့ မြို့ရွာတွေဘက်ကို သုံးကြိမ်တောင် မရောက်ဘူး။ တစ်ခါပဲ မြင်ဖူးတယ်။ အဲဒါကို ထပ်တင်ပေးတဲ့ အပိုင်းမှာ ရွေးချယ်မှုကဘာလဲ။ မပြုတ် မလုပ်မရှုပ်ဆိုတဲ့ ပုံစံမျိုးကို အဲဒီလူတွေကို တင်တာလား။ ကျွန်တော်တို့က လုပ်ဆောင်တဲ့လူကိုပဲ လိုချင်တာလေ” ဟု ပေါင်းတည်မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုချစ်ကိုက ပြောကြားသည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများနှင့် ပတ်သက်၍ ဗဟိုရွေးချယ်မှုသာဖြစ်ပြီး တိုင်းအဆင့်က ပြင်ဆင်နုတ်ပယ်ခြင်း ပြုလုပ်မရကြောင်း၊ ကိုရဲလင်းနိုင် ရွေးချယ်မခံရခြင်းမှာလည်း ပါတီမူဝါဒအရ လင်မယား၊ ညီအစ်ကို မောင်နှမနှင့် သားအမိသားအဖနှစ်ဦး ရွေးချယ်ခံခွင့် မရှိသည့် အခြေအနေဖြစ်ပြီး ကိုရဲလင်းနိုင်၏ ဇနီးမှာ ပန်းတောင်းမြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ် ခံထားကြောင်း၊ လက်မှတ်ထိုး ကန့်ကွက်ခြင်းများ ရောက်လာပါကလည်း ဗဟိုကို ဆက်လက်တင်ပြမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသိန်းဒန်က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပေါ် သစ္စာရှိကြောင်း အလုပ်ဖြင့် သက်သေပြပြီးသူများကို ကိုယ်စားလှယ်လောင်းအဖြစ် အဓိကထား ရွေးချယ်ခဲ့သည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇူလိုင် ၂၃ ရက်က အထွေထွေရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ပြီးနောက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ ပါတီဝင်များအား ရှင်းလင်းမှုတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ပါတီအပေါ် သစ္စာရှိမှု အပါအဝင် အတွေ့အကြုံနှင့် အရည်အချင်းတို့ ရှိသော်လည်း ကျန်းမာရေးနှင့် အသက်အရွယ်အရ ဆက်လက် တာဝန်ထမ်းဆောင်နိုင်ခြေ မရှိသူများကို ချန်လှပ်ပစ်ခဲ့ရမှုများ ရှိသော်လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးချယ်လိုက်သည့် ကိုယ်စားလှယ် အများစုသည် လူဟောင်းများ ဖြစ်သည်ဟု ၎င်းကဆိုသည်။
ပြန်လည်ရွေးချယ်ထားသူများတွင် ရာခိုင်နှုန်း ၈၀ မှာ လူဟောင်းများဖြစ်ပြီး လူသစ်အနေဖြင့် ရာခိုင်နှုန်း ၂၀ ပါဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၂ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၆၂၂ နေရာနှင့် တိုင်းရင်းသားလူမျိုးနေရာ ၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
Crd : EMG

0 comments:

Post a Comment